ယင်းမာပင်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ သောက်ရေ၊ သုံးရေ ရရှိရေး ကူညီဆောင်ရွက်ပေးနေသော S&C အဖွဲ့ဝင် ၁ ဦးကို စစ်တပ်က ဖမ်းဆီး
ရန်ကုန်၊ ဇွန် ၂၂
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ သောက်ရေ၊ သုံးရေ ရရှိရေး ကူညီဆောင်ရွက်ပေးနေသော S&C အဖွဲ့ဝင် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားကြောင်း S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၁ ရက်နေ့တွင် S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ၁ ဦးသည် ယင်းမာပင်မြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူများ စစ်ဘေးရှောင် ပြည်သူများ သောက်ရေ၊ သုံးရေ ရရှိရေး ရေတွင်းတူးဖော်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နိုင်ရန်နှင့် အလှူရှင်များကို မြေပြင် ဖြစ်စဥ်များ မှတ်တမ်း တင်နိုင်ရန် သွားရောက်စဥ် ယင်းမာပင်မြို့နယ်ရှိ လမ်းခရီး တစ်နေရာ၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ရှောင်ပြည်သူတွေ စက်ရေတွင်းရရှိဖို့ ကြိုးစားနေတဲ့ အဖွဲ့ဝင် ၁ ဦး ဖမ်းခံလိုက်ရတယ်။ ယင်းမာပင်ဘက်မှာဖမ်းခံလိုက်ရတာပါဗျ။ အဆက်အသွယ်တော့ မရသေးဘူးဗျ။ ဘယ်မှာဖမ်းထားတယ်ဆိုတာလည်း မသိသေးဘူး” ဟု S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။