ဟင်္သာတမြို့နယ်၊ ကျေးရွာ ၄ ခုမှ CDM ကျောင်းဆရာမ ၁ ဦး ၊ NLD ပါတီဝင် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးကို PDF ဟု မသင်္ကာမှုဖြင့် စစ်တပ်က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး
■ ခေတ်သစ် ရှယ်ခြင်း၊ Like ပေးလျှင် ငွေကျပ် ၃ သိန်းပေးရပြီး ငွေမပေးလျှင် ပုဒ်မ ၅၀၅ တပ်၍ အမှုဖွင့်တရားစွဲ
ရန်ကုန်၊ ဇွန် ၂၃
ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်၊ ကျေးရွာ ၄ ခုမှ CDM ကျောင်းဆရာမ ၁ ဦး၊ NLD ပါတီဝင် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးကို PDF ဟု မသင်္ကာမှုဖြင့် စစ်တပ်က အကြောင်းမဲ့ ရိုက်နှ့် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီချိန်တွင် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် နိဗ္ဗာန်အုပ်စု ရှိ ကိုင်းတောကွင်းကျေးရွာ၊နတ်မော်အုပ်စု ကွမ်းခြံကုန်းကျေးရွာနှင့်သိမ်ကုန်းကျေးရွာတို့ကို စစ်တပ်နှင့်ရဲများက စစ်ကြောင်းထိုးပြီးတစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးကြောင်း၊ သိမ်ကုန်းရွာမှ အမျိုးသား၂ ဦး၊ ကွမ်းခြံကုန်းရွာမှ ကိုသက်နှင့်ကိုဟိန်းထက်ဇော် ဆိုသည့် အမျိုးသား ၂ ဦး၊ ကိုင်းတောကွင်းကျေးရွာမှ NLD ပါတီဝင် အသက် ၅၈နှစ်အရွယ်အမျိုးသားတစ်ဦး၊ နတ်မော်က CDM ကျောင်းဆရာမ နွေနွေဦး စုစုပေါင်း
အမျိုးသား ၅ ဦး၊ အမျိုးသမီး ကျောင်းဆရာမ ၁ ဦး ကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“စစ်တပ်က စစ်ကြောင်းထိုးပြီးတော့ တစ်အိမ်တက်တစ်အိမ်ဆင်းရှာဖွေမှု လုပ်တယ်။ ကွမ်းခြံကုန်းကျေးရွာမှာဆိုရင် အိမ်တွေကို ဖျက်ဆီး မွှေနှောက်ရှာဖွေပြီး ကိုသက်နဲ့ ကိုဟိန်းထက်ဇော်၊ သိမ်ကုန်းကျေးရွာမှာ အမျိုးသား ၂ ဦးတို့ကို မသင်္ကာ လို့ဆိုပြီး လက်ပြန်ကြိုးတုပ် ရိုက်နှက်နှိပ်စက်၍ စစ်ဆေးစရာရှိတယ်လို့ အော်ဟစ်သောင်းကျန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ ဒီနေ့အထိမိသားစုဝင်တွေ မသိရသေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိ ဟင်္သာတတွင် စစ်ကောင်စီက တစ်မြို့နယ်လုံး ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ပြီး ဖုန်းများကိုလည်း စစ်ဆေးကြောင်း၊ ဖုန်းအတွင်း ခေတ်သစ်သတင်းကို Like လုပ်ထားခြင်း၊ ရှယ်ထားခြင်း၊ မှတ်ချက်ရေးသားခြင်းပြုလုပ်ပါက အချုပ်ထဲတွင် ၃ ရက်ခန့် ထားပြီး ငွေကျပ် ၃ သိန်းတောင်းခံကြောင်း၊ ငွေပေးနိုင်လျှင် ပြန်လည်လွတ်မြောက်ပြီး ငွေမပေးနိုင်လျှင် ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့် ကြောင်း သိရှိရသည်။
“ဟင်္သာတမြို့နယ်မှာ ဖုန်းတွေတအားစစ်တယ်။ ဖုန်းထဲနိုင်ငံရေးသတင်းမရှိရင်တောင် ချဲ ၂ လုံး၊ ၃လုံး ထွက်တာတာကြည့်တဲ့ဆော့ဝဲလ်တွေ့ရင်ဖမ်းဆီးပြီး လောင်းကစားအမှုနဲ့ ဖမ်းတယ်။ အမှုမဖွင့်ခံချင်ရင် ငွေကျပ် ၃သိန်းပေးရင် ပြန်လွှတ်ပေးတယ်။ အခုညပိုင်းဆိုရင် စစ်တပ်က ကင်းပုန်းချထားပြီး ကင်းပုန်း၀ပ်နေကြပါတယ်။ ပြည်သူတွေကို ည ၈ နာရီကျော်ရင် အပြင်ထွက်တာနဲ့ စစ်ဆေးတယ်။ရပ်ကွက်တွေမှာ လူစိမ်းလာရင်သတင်းပို့ဖို့၊ သတင်းမပို့ရင် အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်သွယ် ပတ်သက်တာမျိုး အရေးယူခံရမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ညဘက်ဧည့်စာရင်းစစ်ရင်း အိမ်မှာရှိတဲ့ဖုန်းတွေပါယူစစ်ကြတယ်။ ဖုန်းထဲမှာနိုင်ငံရေး သတင်းတစ်ခုတွေ့တာနဲ့ဖမ်းတယ်။ အထူးသဖြင့်ခေတ်သစ်သတင်းကို ကော်ပီယူတင် တာရှယ်တာဆိုရင်တွေ့တာနဲ့ဖမ်းတာ။ ငွေညှစ်လို့ရရင် ၂ရက်လောက်ချုပ်ထားပြီး ပြန်လွှတ်ပေးတယ်။ ငွေမထွက်ရင် အမှုတည်ဆောက်ပြီးတရားစွဲတယ်” ဟု ဟင်္သတာမြို့မှ မြို့သားတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီက ဟင်္သာတမြို့နယ်အတွင်းသို့ ရေကြောင်းမှ ခရီးသည်ဝင်ရောက်မှုများကိုလည်း အထူးစစ်ဆေးနေပြီး စက်လှေများအတွင်း လက်နက်သယ်ဆောင်မှု ရှိ၊ မရှိ ကိုလည်း အဓိက ဦးစားပေး စစ်ဆေးနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် စစ်တပ်နှင့်ရဲများက ပြည်သူများကို ရိုက်နှက်ဖမ်းဆီးနေစဉ်။
Photo- CJ ။