သိမ်ဇရပ်မြို့တွင် အမတ ၃၁၀ ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ၏ နာရေးကို အုပ်ချုပ်ရေးမှူးက ငွေကျပ် ၃ သိန်း လာပေးပြီး PDF များ ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆို
ရန်ကုန်၊ ဇွန် ၂၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် အမတ ၃၁၀ ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ၏ နာရေးကို အုပ်ချုပ်ရေးမှူးက ငွေကျပ် ၃ သိန်း လာပေးပြီး PDF များ ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု Kyaikhto Information Organization အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၆ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်တွင် သိမ်ဇရပ်မြို့အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ၃၁၀ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူ၏ နာရေးအိမ်ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများက ငွေကျပ် ၃ သိန်းလာပေးပြီး PDF ပစ်ခတ်ခြင်း ဖြစ်ကြောင်း ပြောဆို၍ လက်နက်ကြီး အကြွင်းအကျန်များကို သိမ်းဆည်းသွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် သိမ်ဇရပ်မြို့ အမှတ် ၁ ရပ်ကွက်၊ ရွာလေး ကွက်သစ်ပိုင်းအတွင်းသို့ ၅ လုံးကျသွားခဲ့ပြီး ၄ လုံး ပေါက်ကွဲခဲ့ရာ အသက် ၃၈ နှစ်အရွယ် ဒေါ်အေးအေးနွယ်တွင် ယာဘက်နံရိုးအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာပါးထိရှဒဏ်ရာ ၁ ချက်နှင့် ယာလက်သူကြွယ် ပြတ်ရှဒဏ်ရာ ၁ ချက်တို့ရရှိကာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူ ၆ ဦးတွင် ၄ ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ အနည်းငယ် ထိခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီခန့် အကွက် ၁ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ သိမ်ဇရပ်မြို့ပေါ် အုပ်ချုပ်ရေးမှူးဟောင်း ဦးထင်ကျော်နှင့် အမည်မသိ လူတစ်ဦးတို့သည် ဇွန်လ ၁၇ ရက်နေ့တွင် နာရေးအိမ်သို့ ရောက်လာပြီး ပေါက်ကွဲခဲ့သော လက်နက်ကြီး ဒလက်အပိုင်းအစများနှင့် မပေါက်ကွဲသေးသော ဗုံးသီးတစ်လုံးကို ပြန်သိမ်းသွားပြီး နားရေးအိမ်ကို ပိုက်ဆံ ၃ သိန်း ပေးသွားကြောင်း၊ ထိုလက်နက်ကြီးကျည်များသည် စစ်တပ်က ပစ်ခတ်ခြင်းမဟုတ်ဘဲ PDF က ပစ်ခြင်းဖြစ်သည်ဟု ပြောဆိုသွားကြောင်း ဒေသပြည်သူများက ပြောပြသည်။
” နောက်တစ်နေ့ အောင်ကျော်ဦးရယ် အုပ်ပြုတ်ထင်ကျော်ရယ် နောက်လူတစ်ယောက်ရယ် လာပြီးတော့ ကျည်ဆံအပိုင်းအစတွေရယ် မပေါက်ကွဲသေးတဲ့ ဗုံးသီးတစ်လုံးရယ်ကို သိမ်းတယ်။ ငွေ ၃ သိန်းပေးတယ်။ သူတို့လုပ်တာမဟုတ်ဘူး PDF တွေ လုပ်တာလို့လည်း ပြောသွားတယ် ” ဟု Kyaikhto Information Organization အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။