30 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ကျေးရွာများမှ ပြည်သူ ၁၄ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထား

Must read

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ကျေးရွာများမှ ပြည်သူ ၁၄ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထား

ရန်ကုန်၊ ဇွန် ၂၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ကျေးရွာများမှ ပြည်သူ ၁၄ ဦးကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ပြီး ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ် စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ညောင်ပင်ကြီးစခန်းကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ရောက်ရှိလာပြီး နောက်ပိုင်းတွင် စစ်တပ်က ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်မှုများ ပိုမိုများပြားစွာ ပြုလုပ်လာပြီး ဇွန်လ ၁၁ ရက်နေ့မှ စ၍ ဇွန်လ ၁၉ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၁၄ ရက်နေ့တွင် ပြည်သူ ၈ ဦးရှိရာ နေရာသို့ အလစ်ငိုက် ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ဒေသပြည်သူ ကိုဇာနည် ဦးခေါင်းကို သေနတ်ကျည်ထိမှန်ကာ သေဆုံးခဲ့ရပြီး ကျန် ပြည်သူ ၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် လက်ရှိတွင် ညောင်ပင်ဝန်းစခန်းအတွင်း ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားကြောင်း သိရှိရသည်။

“နှင်းတောရွာထဲမှာ ဖြစ်သွားတာပါ။ ဖမ်းဆီးခံရထားရတာ နှင်းတောရွာသားတွေရယ် ထန်းတောရွာသားတွေလည်းပါတယ်။ ကျန်တာတော့ မသိရသေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဇွန်လ ၁၄ ရက်နေ့တွင်ပင် ညောင်ပင်ကြီး စခန်းအနီးရှိ ထန်းတောရွာမြောက်ပိုင်းတွင် နေအိမ်မှ ပစ္စည်းများ သယ်ယူနေသည့် ထန်းတောရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁၀ ဦးခန့် ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျည်ထိမှန်သေဆုံးသူများထဲမှ ပြည်သူ ၂ ဦး၏ ရုပ်အလောင်းကိုသာ ကောက်ယူနိုင်ခဲ့ပြီး ကျန်ရှိသူများ၏ ရုက်အလောင်းကို ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးဗျ။ ပုံတွေလည်း ပျက်နေသလောက် ရှိပြီ။ တချို့အလောင်းတွေ မီးထဲရောရှို့တယ် ကြားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၁၁ ရက်နေ့ညနေပိုင်းတွင်လည်း ထန်းတော ဇတ်ဆိပ်တွင် အကြမ်းဖက် စစ်တပ်မှ ပြည်သူ ၂ ဦးကို ထပ်မံသတ်ဖြတ်ခဲ့ပြီး စစ်တပ် ကင်းပုန်းများရှိ၍ ရုပ်အလောင်းကို မကောက်ယူနိုင်သေးဘဲ ခွေးများမှ ဆွဲချီစားသောက်နေသည်ကို တွေ့မြင်ရကြောင်း ၊ အကြမ်းဖက် စစ်တပ်သည် ဇွန် ၁၉ရက်နေ့ကလည်း ထန်းတောရွာရှိ စိတ်မနှံ့သည့်အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး အဆိုပါ အလောင်းကိုမူ ကောက်ယူနိုင်ခဲ့ပြီး မြေမြှုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့် ပြည်သူအများအပြား စစ်ဘေးရှောင်နေကြရပြီး စစ်ဘေးရှောင်ရင်း သေဆုံးသူ ပြည်သူ ၅ ဦးခန့်အထိရှိကာ သေဆုံးသူအများစုမှ နဂိုရောဂါအခံရှိသူများဖြစ်ပြီး ဆေးကုသရန် အခက်အခဲရှိ၍ သေဆုံးသွားကြခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

စစ်ဘေးရှောင်ရင်း အစာရေစာ ပြတ်လပ်သေဆုံးမှုများလည်း ရှိနိုင်ပြီး သေဆုံးသူ စုစုပေါင်း ၁၅ ဦးအထက် ရှိနိုင်ကြောင်း၊ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်သည် ညောင်ပင်ကြီးစခန်းထဲတွင် ဖမ်းဆီးထားသည့် ပြည်သူ ၃၀ ကျော်ကို စခန်းပြန်လည်တည်ဆောက်ရေးအတွက် အလုပ်ခိုင်းစေမှုများ ရှိနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article