ထန်းတပင်မြို့နယ်ရှိ စစ်တပ်နှင့် KNLA က ခွင့်ပြုထားသည့် ရွှေလုပ်ကွက်များကြောင့် ပြည်သူပိုင် လမ်းပိုင်းများ ပျက်စီး
ရန်ကုန်၊ ဇွန် ၂၃
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် KNLA က ခွင့်ပြုထားသည့် ရွှေလုပ်ကွက်များကြောင့် ပြည်သူပိုင် လမ်းပိုင်းများ ပျက်စီးလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ထန်းတပင်မြို့နယ်၊ တောင်ငူနှင့်ထန်းတပင် ကားလမ်းပိုင်းရှိ ချောင်းဝကျေးရွာအုပ်စု ရွာသာယာကျေးရွာပိုင်အတွင်းရှိ ရွှေလုပ်ကွက်များကြောင့် ပြည်သူပိုင် ကားလမ်းများ ပျက်စီးပြီး အများပြည်သူ သွားလာရေး အခက်တွေ့လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွှေလုပ်ငန်းများသည် အကြမ်းဖက် စစ်တပ်နှင့် KNLA တပ်ရင်း ၆ တို့၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်ကို ၁ လ ကျပ်သိန်း ၃၀ ပေးဆောင်ရပြီး KNLA တပ်ရင်း၆ ကို ၁ လကို ကျပ်သိန်း ၅၀ ပေးဆောင်ရကြောင်း၊ ယင်းရွှေလုပ်ကိုင်များတွင် လုပ်ကိုင်နေသည့် လုပ်ငန်းရှင် ၄၀ ကျော်ခန့်ရှိပြီး လက်ရှိချိန်တွင် တောင်ငူ-ထန်းတပင် လမ်းပိုင်းသည် ပြည်သူများ သွားလာရေး ခက်ခဲလျက်ရှိကြောင်း သိရှိရသည်။
“အဲဘက်ကပြည်သူတွေ အသွားရေးလာရေး အတော် ဒုက္ခရောက်နေတယ်။ ကားလမ်းက ကားလမ်းနဲ့မတူ လယ်ကွင်း ဆင်းရသလိုဖြစ်နေပြီ တောင်ငူနဲ့ ထန်းတပင်ကားလမ်းပိုင်းပါ ချောင်းဝကျေးရွာအုပ်စု ရွာသာယာကျေးရွာ အပိုင်းမှာ ရွှေလုပ်ကွက်တွေရှိတယ်။ ကားလမ်းတွေဖျက်ဆီးပြီး အများပြည်သူများ သွားရေး ခက်ခဲနေတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။