ပုလဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ ဇွန် ၂၃
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ဇီးဖြူကုန်း ပျူစောထီးရွာမှ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက ပုလဲမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်
“ပုလဲနယ်မှာ စစ်ခွေး စစ်ကြောင်း မွှေနေတယ်။ လက်ရှိ ကျေးနင်းကြီး ကျေးရွာမှာ ရောက်ရှိနေပါတယ်။ ဇီးဖြူကုန်းပျူစောထီးရွာကလာတဲ့ စစ်ခွေး စစ်ကြောင်းပါ ကျေးနင်းကြီးရွာကို ဝင်မွှေပြီး လက်ရှိအဲ့ရွာနားမှာ ကျေးရွာ ၅ ရွာလောက်က ပြည်သူတွေ တိမ်းရှောင်နေရတယ်။ စစ်ခွေး ရိက္ခာလိုက်စုတာထင်တယ်။ ရွာမှာရှိတဲ့ အိမ်အကုန်လုံးနီးပါးကို ဝင်မွှေနေတာ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးနင်းကြီးရွာကို ရောက်ရှိနေပြီး ၎င်း ရွာအပါအဝင် နားတော်မောက်ရွာ၊ ကြောင်သန်းရွာနှင့် ဇေတိယုံရွာတို့မှာ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။