ဆိပ်ဖြူမြို့နယ်တွင် စစ်ကားများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၂၃
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆော လမ်းပိုင်းတွင် စစ်ကားများကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂၀ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဇွန်လ ၂၀ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၅၀ ခန့်က ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူမြို့မှ ဆောလမ်းပိုင်းသို့ ဝင် ရောက်လာသော အကြမ်းဖက် စစ်သား အင်အား ၃၀ ခန့်ပါ စစ်ကားကြီး ၁ စီးကို သပြေကျေးရွာနှင့် ရေကျော်ကျေးရွာ အကြား လမ်းပိုင်း တစ်နေရာအရောက်တွင် ပဒေသာမိုင်း ၄ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး အပြင်းအထန်ဒဏ်ရာရရှိသူ ၂၀ ဦးထက်မနည်းရှိကြောင်း သိရသည်။
ယင်းနေ့ နံနက် ၉ နာရီခန့်တွင် သပြေအေးကျေးရွာနှင့် ရေကျော်ကျေးရွာ အကြား ဝင်ရောက်လာသော အကြမ်းဖက် စစ်ကား ၁ စီးကို ပဒေသာမိုင်းများဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးခန့်ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း – တပ်ခွဲ ၁ (Caf – Spupdf) နှင့် ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ဆိပ်ဖြူ ပကဖ (မြေလတ်ဇုံ ပကဖအဖွဲ့) တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၁၁ နာရီခွဲခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော အကြမ်းဖက် စစ်သား အလောင်းများကို သယ်ဆောင်ရန် လာရောက်သော အကြမ်းဖက် စစ်ကား တစ်စီး ကို ပဒေသာမိုင်းဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးပျက်စီးပြီး အကြမ်းဖက် စစ်သား ၁၅ ဦး သေဆုံးကာ ၅ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု ၂ ရက်အတွင်း အကြမ်းဖက်စစ်သား ၂၀ ဦးသေဆုံးကာ ၃၀ ဦးထက်နည်း ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။