မလေးရှားတွင် မြန်မာသံရုံးက ပွဲစားနှင့်ပေါင်း၍ နိုင်ငံကူးလက်မှတ် တစ်ခုလျှင် ငွေကျပ် ၇ သိန်းခွဲ နှင့်ညီမျှသော မလေးရှားငွေ တောင်းယူဆက်ကြေးကောက်
■ သံရုံးတွင် ငွေမပေးဘဲ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်လျှင် ခက်ခဲ၍ လနှင့် ချီကြာမြင့် သော်လည်း ပွဲစားများနှင့် လုပ်ဆောင်ပါက ၁ ပတ် အတွင်း ရရှိ
ရ န်ကုန် ၊ ဇွန် ၂၄
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးတွင် Passport လုပ်ဆောင်ရာတွင် ပုံမှန်အတိုင်း လုပ်ဆောင်ပါက ၅ လဝန်းကျင် ကြာမြင့်နေပြီး ပွဲစားသို့ ချိတ်ဆက်အပ်နှံပါက ၁ ပတ်အတွင်း ရရှိကြောင်း မလေးရှားရောက် မြန်မာများ ထံမှ သိရှိရသည်။
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအတွက် ပွဲစားနှင့် အပ်နှံမည်ဆိုပါက တစ်ဦးလျှင် မလေးရှားရင်းဂစ်ငွေ ၁၂၀၀ ခန့်ပေးရကြောင်း၊ မလေးရှားရောက် မြန်မာများ၏ အခြေခံ လစာမှာမူ ရင်းဂစ် ၁၅၀၀ ဖြစ်၍ Passport စာအုပ်သက်တမ်းတိုးလုပ်ဆောင်ရန် လစာ ၁ ဝင်ငွေ နီးပါးဖြစ်သည့် ရင်းဂစ် ၁၂၀၀ ခန့် ပေးဆောင်နေရခြင်းဖြစ်ကြောင်း၊ မြန်မာကျပ်ငွေဖြင့် တွက်ချက်လျှင် ရင်းဂစ် ၁၂၀၀ သည် ၇ သိန်းခွဲကျပ် ခန့်ရှိကြောင်း မလေးရှားရောက် မြန်မာများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
“မလေးရှား မြန်မာသံရုံးမှာ ပါမစ်လုပ်တာတို့၊ စာအုပ်လုပ်တာတို့ အရမ်းခက်ခဲပါတယ်ဗျာ။ ပွဲစားတွေက ဈေးကြီးတောင်းပြီး တစ်ပတ်နဲ့ အပြီးလုပ်ပေးပေမယ့် တကယ် အမှန်လုပ်တဲ့ လူတွေကျတော့ လနဲ့ချီပြီး စောင့်ရပါတယ်ဗျ။ တချို့ဆို ၅ လလောက် စောင့်ရပါတယ်ဗျ။ အချိန်တွေအကြားကြီးစောင့်ရပေမယ့် တချို့ပွဲစားတွေက ဈေးကြီးတောင်းကြတယ်ဗျ။ အခြေခံလစာရတာက ရင်းဂစ် ၁၅၀၀ ၊ သူတို့က ၁၂၀၀ တောင် တောင်းတာဗျာ။ ပွဲစားတွေက မြန်မာပါဗျ။ လူအချင်းချင်းခေါင်းပုံဖြတ်တယ်ဗျ” ဟု မလေးရှားရောက် မြန်မာတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မလေးရှားနိုင်ငံတွင်း ဖမ်းဆီးရှာဖွေမှုများ ယခင်ထက် ပိုမိုများပြားလာနေ၍ မြန်မာသံရုံးတွင် Passport လုပ်ဆောင်ရာတွင် လိုအပ်သည်ထက် ပိုမိုကြာမြင့်၍ ပြည်သူများမှာ ဒုက္ခရောက်နေကြကြောင်း ၊ စနစ်တကျနှင့် မှန်မှန်ကန်ကန်ဖြစ်စေချင်ကြောင်း မလေးရှားရောက် မြန်မာပြည်သူများထံမှ သိရှိရသည်။
“အဖမ်းအဆီးတွေက များလာတယ်ဗျ။ သူတို့က အရမ်းကြာတော့ ကျွန်တော်တို့ ပြည်သူတွေ ဒုက္ခရောက်တယ်ဗျ။ ဖြစ်နိုင်ရင် စနစ်တကျနဲ့ မှန်မှန်ကန်ကန်လေး ဖြစ်စေချင်တယ်ဗျာ။ သံရုံးမှာက ကြာနေတော့ ခက်ခဲဖြစ်စေပါတယ်ဗျ” ဟု မလေးရှားရောက် မြန်မာတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား သန်းချီရှိနေပြီး မလေးရှားရှိ စစ်ကောင် စီသံရုံးက မြန်မာအလုပ်သမားများထံမှ နိုင်ငံကူးလက်မှတ်အတွက် ငွေကြေးကျပ် သိန်းပေါင်းများစွာ စီးပွားဖြစ် တောင်းယူနေခြင်းဖြစ်သည်ဟု သိရှိရသည်။