ရေးမြို့နယ်ရှိ နှစ်ကရင်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ မုံရွာ-မန္တလေး လမ်းမကြီး၌ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇွန် ၂၆
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ရွာ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦးသေဆုံးကြောင်း Albino Tiger Company-1 ထံမှ သိရသည်။
ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ ခန့်တွင် ရေးမြို့နယ် မြောက်ပိုင်းရှိ နှစ်ကရင်ကျေးရွာ ရဲစခန်းအတွင်းတွင် တပ်စွဲထားသော စစ်သားများကို ကျားဖြူစစ်ကြောင်း နှင့် တပ်ရင်း ၂၇ ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၉ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိကာတော်လှန်ရေး ရဲဘော်များ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲ ဖြစ်ပွားပြီး တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာသွားပြီးနောက် ၁ နာရီကျော်ခန့် အကြာတွင် စစ်တပ်က Mi 35 ရဟတ်ယာဉ် ၂ စင်းဖြင့် နှစ်ကရင်ရွာကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကျေးရွာနေ ပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ခန့်မှန်း သိရှိရပြီး ပြည်သူများ ထိခိုက်ရရှိမှုများပြားကာ နေအိမ်များလည်း ထိခိုက်ပျက်ဆီးမှုရှိခဲ့ကြောင်း Albino Tiger Company-1 (ကျားဖြူတပ်ခွဲ ၁) က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီး မုံရွာ-မန္တလေးလမ်းမကြီးပေါ်၌ တပ်စွဲနေ ထိုင်သော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၂၅ ရက် ညဦးပိုင်းက အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားသော အဆိုပါ အကြမ်းဖက်စစ် တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများနေထိုင်ရာ အထိုင်စခန်းပေါ်သို့ တည့်မတ်စွာကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများကို ယနေ့ ဇွန် လ ၂၆ ရက်နံနက် ၄ နာရီခန့်တွင် ကား ၂ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ ၆၀ မမဖြင့် တစ်ချက်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ် သားများ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းအကြမ်းဖက်စစ်သားများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ ၁၅ ဦးကို သတ်ဖြတ်ပြီး လက်ထုတ်တောကျေးရွာနှင့် ငါန်းယှန်တောကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်း ဖက်စစ်သားများ ဖြစ်ကြောင်း သိရသည်။