ကလေးမြို့နယ်၊ သာစည်ရွာနှင့် မှန်တောရွာရှိ နေအိမ် ၂၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဇွန် ၂၇
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ သာစည်ကျေးရွာနှင့် မှန်တောကျေးရွာရှိ နေအိမ် ၂၀ ကျော်ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသနေပြည်သူများ ထံမှ သိရသည်။
ဇွန်လ ၂၅ ရက် နံနက်ပိုင်းက ကလေးမြို့တောင်ဘက် ၃ မိုင်အကွာရှိ သာစည်ကျေးရွာကို ကလေးမြို့ ပေါ်မှ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများက သာစည်ကျေးရွာအရှေ့ပိုင်းရှိ နေအိမ် ၄ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ မှန်တောကျေးရွာရှိနေအိမ် ၁၃ လုံးကျော်ကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။
အဆိုပါ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သာစည်ကျေးရွာ ဝန်းကျင်၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကလေးမြို့ထဲမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား အများပြား သေဆုံးခဲ့ကြောင်းသိရှိရသည်။။
အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှားဖိုရွာ စာသင်ကျောင်းကို ထိမှန်ပျက်စီးခဲ့ ပြီး လူထိခိုက်မှုမရှိကြောင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေပြီး ကလေးမြို့တွင်းရှိ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် နေ့စဉ်နေ့တိုင်း ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇွန်လအတွင်း ကလေးမြို့နယ်တောင်ပိုင်းနေပြည်သူ ၁၀ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ၃၀ ခန့် ဒဏ်ရာရရှိထားကြောင်း၊ အကြမ်းဖက်စစ်သား၊ ဒေသနေ ပြည်သူများသည် ပျူစောထီးရန်ကို ကြောက်ရွံ့နေပြီး နေရပ်စွန့်ခွာထွက် ပြေး နေရသည့် ပြည်သူထောင်ချီရှိကြောင်း သိရသည်။
