မြဝတီမြို့အနီးရှိ ကျောက်မိုင်းဒေသကို စစ်တပ်က လက်နကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရ
ရန်ကုန်၊ ဇွန် ၂၇
မြဝတီမြို့အနီးရှိ ကျောက်မိုင်းဒေသကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၄ ရက်နေ့ ည ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၇၅ က မြဝတီမြို့အနီးရှိ ကျောက်မိုင်းဒေသကို ၁၂၀ မမ လက်နက်ကြီး ကျည် ၂ လုံး ပစ်ခတ်ခဲ့ပြီး ဒေသပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူ့ နေအိမ်အချို့ ထိခိုက် ပျက်ဆီးခဲ့ကြောင်း သိရသည်။
“ထိတွေ့ တိုက်ပွဲ တစ်ကြိမ်တော့ ရှိပါတယ်။ စစ်ခွေးတွေ ပစ်လို့ ဒဏ်ရာရတာက ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်းအသက်ရွယ်တွေပါ နာမည်တွေတော့ ပြောခွင့်မရှိပါဘူး” ဟု ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ ဇွန်လ ၂၄ ရက်နေ့တွင် ပစ်ခတ်သော လက်နက်ကြီး ပေါက်ကွဲသံများကို ထိုင်းနိုင်ငံ- မြန်မာ နယ်စပ် မဲဆောက်ဘက်ခြမ်းမှပင် ကြားရကြောင်း၊ ယင်းနေ့တွင် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် အချက်ရေ ၅၀ ကျော်ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။



