ဝက်လက်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့၏ ကား ၁ စီးကို စစ်တပ်က မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဇွန် ၂၇
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်လှိုင်ဘွား ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၁ ရက်နေ့တွင် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မူးကြီးရွာ အနောက်ဘက်တွင် ဗိုလ်လှိုင်ဘွား ဦးဆောင်သော ဖျန်လွှားအဖွဲ့နှင့် မြို့နယ် ပကဖ အဖွဲ့တို့က ဝိုင်းဝန်း တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၈ ဦးသေဆုံးကာ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဝက်လက်မှပြန်၍ ထွက်ခွာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နှောပင်ရွာနှင့် ဒကောင်းမင်ရွာ အကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗိုလ်လှိုင်ဘွား ပြောက်ကျား တပ်ဖွဲ့နှင့် တံတားညီနောင်ပျံလွှားနှင့် မြို့နယ် ပကဖ များက တိုက်ပွဲခဲ့ရာ စစ်သား ၂ ဦးထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားပြီးနောက် ဗိုလ်လှိုင်ဘွားပြောက်ကျား တပ်ဖွဲ့မှ ကား ၁ စီးကို မီးရှို့ ဖျက်ဆီးသွားကြောင်း ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောဆိုသည်။

