KNU နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ မူတြော်ခရိုင် အတွင်း စစ်တပ်က တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇွန် ၂၈
KNU နယ်မြေ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။
ဇွန်လ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၃၂ မိနစ်ခန့်၌ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၀ က စစ်တောင်းမြစ်အနောက် ဘက်ကမ်းရှိ အင်းဝိုင်းကျေးရွာ မှနေ၍ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ သက်ကယ်ကုန်း ကျေးရွာကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၄၄ နှစ်ရှိ ဒေါ်မိုးမိုး ဘယ်ဘက်ပုခုံး ထိမှန် ဒဏ်ရာရ၊ အသက် ၁၀ နှစ်ရှိ မယွန်းနဒီဖူး တင်ပါးနှင့်ကျောကို ထိမှန် ဒဏ်ရာရ၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ပြော့အိ ဆီးခုံအပေါ်ပိုင်းကို ထိမှန်ပြီး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းနေ့ မွန်းလွဲ ၂ နာရီ ကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ပဲသောင်ကျေးရွာနှင့် စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ သမင်အင်းကုန်းကျေးရွာကို လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့ပြီး ပဲသောင်ကျေးရွာရှိ အသက် ၄၂ နှစ်ရှိ ဒေါ်လင်းလင်းအေးသည် ကျည်စ ထိမှန်သေဆုံးခဲ့ရပြီး အသက် ၁၃ နှစ်ရှိ မဖြူနှင်းသက်နှင့် အသက် ၁၃ နှစ်ရှိ မောင်ဖြိုးဝေလင်းတို့ ကျည်စ ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် သမင်အင်းကုန်းကျေးရွာရှိ အသက် ၅၀ နှစ် အရွယ် ဒေါ်ခင်နု ကျည်စထိမှန် သေဆုံးခဲ့ပြီး အသက် ၁၃ နှစ်ရှိ မောင်ဉာဏ်လင်းထွန်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ပုဇွန်မြောင်းမှနေ၍ ပျဉ်ရေ အနောက်ဘက်ကမ်း ကျေးရွာကို ဇွန်လ ၂၅ ရက်နေ့ ည ၉ နာရီကျော်မှ ၁၀ နာရီကျော်အထိ ၁၂၀ မမ လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၈ မိနစ်ခန့်တွင် လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အခန့်တွင် အကြမ်းဖက် စစ်တပ်က ပုဇွန်မြောင်း ကျေးရွာ အတွင်းကို ကား ၂ စီး၊ ဆိုင်ကယ် အချို့ အင်အား ၅၀ ကျော်ခန့်ဖြင့် ဝင်ရောက်လာပြီး မွန်းလွဲ ၃ နာရီ ၁၆ မိနစ်တွင် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများကို ၈၁ မမ လက်နက်ကြီးများဖြင့် စုစုပေါင်း ၁၃ လုံးခန့် ပစ်ခတ်ခဲ့ပြီး ဝိုင်ကျွန်းကျေးရွာကို လက်နက်ကြီး ၆ လုံး၊ ပျဉ်ရေ အရှေ့ဘက်ကမ်းကျေးရွာသို့ လက်နက်ကြီး ၂ လုံး၊ သိုက်တူးကျေးရွာသို့ လက်နက်ကြီး ၂ လုံး၊ သက်ကယ်ကုန်းကျေးရွာသို့ လက်နက် ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၂၂ အရွယ် စောလေးစိုး ဦးခေါင်း ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က စစ်တောင်းမြစ် အနောက်ဘက်ကမ်းမှနေ၍ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ကျွန်းကြီး၊ ထိုးဝါးစိုက်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ယင်းနေ့ ည ၇ နာရီခန့်တွင် စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ရေတွင်းကုန်းကျေးရွာမှနေ၍ လိန်ပင်ဝဲကျေးရွာနှင့် သစ်ဖရောင်းတန်း ကျေးရွာကို လက်နက်ကြီး ၄ လုံး ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၂၁ ရက်နေ့မှစ၍ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ သည် ပိန်းဇလုပ်၊ ကျောက်တံခါးနှင့် စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကားလမ်းတစ်လျှောက်နှင့် ကျေးရွာများမှနေ၍ လက်နက်ကြီး ၁၂၀ မမကို ကားဖြင့် တင်ဆောင်ပြီး ကေအဲန်ယူ−လယ်ဒိုမြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်းရှိ ကျေးရွာများကို နေ့စဥ် ပစ်ခတ်လျက်ရှိကြောင်းသိရသည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာများကို လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲါကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခြင်း၊ ပြည်သူများ ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးရခြင်းများ ရှိပြီး ထိခိုက်ပျက်စီးရသည့်နေအိမ်များ၊ ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏ အရေအတွက်နှင့် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုရယူနိုင်ရန် ကေအဲန်ယူမှလုပ်ဆောင်လျက်ရှိကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။
ထို့ပြင် ကရင်ပြည်နယ်၊ မူတြော်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ် တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်မှ သိရသည်။
ဇွန်လ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၈ မိနစ်ခန့် နှင့် ၁၁ နာရီခန့်တွင် မူတြော်ခရိုင်အတွင်းရှိ မျိုးဆက်သစ်ကျောင်းပရဝုဏ်အတွင်း အကြမ်းဖက် စစ်တပ်က ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး လူသူမနေသည့် အဆောက်အဦးများ ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရှိရသည်။