30 C
Yangon

ခင်ဦးတွင် စစ်တပ်က ပြည်သူ ၅ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေ၊ ကျေးရွာ ၁၄ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ခင်ဦးတွင် စစ်တပ်က ပြည်သူ ၅ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေ၊ ကျေးရွာ ၁၄ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဇွန် ၂၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၈ ရက်နေ့တွင် ခင်ဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကိုးပင်လေ့ကျင့်ရေးမှ ထွက်လာသည့် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဗျူဟာလမ်း တစ်လျှောက် ကင်းပုန်းဝပ်ပြီး‌ ရွှေပြည်သာရွာမှ ပြည်သူ ၃ ဦး၊ ရွာသစ်ရွာမှ ပြည်သူ ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွား​ကြောင်း သိရသည်။

ထို့ပြင် အလယ်လျှိုရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၂၆ ရက်နေ့က စတင်ကာ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းလျက်ရှိပြီး ကျေးရွာ ၁၄ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း သိရှိရသည်။

” အခု စစ်ကြောင်းက ၂ ကြောင်းဖြစ်သွားပြီး အလယ်လျှိုက တစ်ကြောင်း ကိုးပင်က လာတဲ့ တစ်ကြောင်း နှစ်ကြောင်းပေါ့။ ပြည်သူတွေကတော့ ၂၆ ရက်နေ့တည်းက ထွက်ပြေးနေရတယ်။ ဖမ်းဆီးခံရတဲ့ ဓားစာခံတွေ နာမည် မသိရဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောကြားသည်။

အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် အလယ်လျှိုရွာ၊ ယောက်သွားအိုင်ရွာ၊ ထနောင်းကိုးလေးရွာ၊ ညောင်ကန်ရွာ၊ ကွမ်းတိုင်းရွာ၊ ကုလားလူးရွာ၊ တမုတ်ရွာ၊ လက်ပံကုန်းရွာ၊ ရွာစဉ်ရွာ၊ မြေနီလျှိုရွာ၊ ကြို့ကန်ရွာ၊ သံဘိုရွာ၊ ရွာသစ်ရွာ၊ ရွှေပြည်သာရွာစသည့် ကျေးရွာများမှ ပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်းတွင် ဈေးရောင်း ဈေးဝယ် ကားများ၊ ဆိုင်ကယ်များ သွားလာနိုင်ခြင်း မရှိသည့် အတွက် စားသောက်ကုန်များ ဝယ်မရသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

Photo – ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

ခင်ဦးတွင် စစ်တပ်က ပြည်သူ ၅ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေ၊ ကျေးရွာ ၁၄ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article