ဖောင်းပြင်မြို့ အနီးတဝိုက်နှင့် မင်းယားကျေးရွာကို စစ်ကောင်စီက ၂ ရက် ဆက်တိုက် လေကြောင်းဖြင့် တိုက်ခိုက်မှု အရပ်သား ပြည်သူများ ထိခိုက် သေ ဆုံး မှုရှိ
ရန်ကုန်၊ ဇွန် ၃၀
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့အနီးတ၀ိုက်နှင့် မင်းယားကျေးရွာကို စစ်ကောင်စီ တပ်များက ၂ ရက်ဆက်တိုက် တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှုများရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဇွန်လ ၂၇ ရက်နေ့မှစတင်ပြီး ယနေ့အထိ ဖောင်းပြင်မြို့နယ်အနီးတ၀ိုက်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ် ပွားခဲ့ ကြောင်း၊ ၃ ရက်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်မှုများ များပြားသဖြင့် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လာပြီး တိုက် လေယာဉ်များဖြင့် ဇွန်လ ၂၈ ရက်နေ့နှင့် ဇွန်လ ၂၉ ရက်နေ့တို့တွင် ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“ဖောင်းပြင်မြို့အနီးတဝိုက်နဲ့ မင်းယားရွာ ကိုစစ်ကောင်စီတပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကျဲတိုက်ခိုက်ပါတယ်။ ဇွန်လ ၂၈ ရက်နေ့နဲ့ ဇွန်လ ၂၉ ရက်နေ့ ၂ ရက်စလုံး ပစ်ခတ်တိုက်ခိုက်နေတာပါ။ မနေ့ ဇွန်လ ၂၉ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်မှာ လေ ကြောင်းကနေ ဗုံး ၃ လုံးကျဲချပါတယ်။ ရွာသားတွေ သေဆုံးထိခိုက်မှုရှိတယ်လို့ သိရပေမယ့် အတိအကျ မသိရသေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
ဖောင်းပြင်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တချို့ကလည်း စစ်ကောင်စီတပ်နှင့် PDF တပ်များအကြား ၃ ရက်ဆက်တိုက် တိုက်ပွဲ ပြင်း ထန်နေကြောင်း အတည်ပြုပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲသည့်အပြင် ကုန်းကြောင်းကပါ အင်အားတိုးချဲ့၍ အကြီးအကျယ် ထိုးစစ်ဆင်နေသည်ဟု ပြောဆိုသည်။
ဓာတ်ပုံ- မြန်မာစစ်ကောင်စီ၏ ရုရှားလုပ် Su-30SME တိုက်လေယာဉ်တစ်စီး။