ကန့်ဘလူတွင် ပျူစောထီးအဖွဲ့အတွက် လူမရလျှင် အိမ်နှင့်လယ်ယာမြေများ သိမ်းယူမည်ဟု သင်္ကန်းဝတ် ဝါသ၀ ခြိမ်းခြောက်၊ ဒေသပြည်သူများထံမှ ပုံစံအမျိုးမျိုးဖြင့် ငွေကြေးအဆမတန် ပျူစောထီးများက တောင်းခံနေ
ရန်ကုန်၊ ဇွန် ၃၀
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သင်္ကန်းဝတ် ဝါသ၀ ဦးဆောင်သော ပျူစောထီးအဖွဲ့က လူသူစုဆောင်းမှုများကို အကြီး အကျယ် လုပ်ဆောင်လျက်ရှိနေရာတွင် လူသစ်မပေးနိုင်သော ကျေးရွာများတွင် အိမ်နှင့် လယ်ယာမြေများကို သိမ်းယူမည်ဟု ခြိမ်းခြောက်မှု များလုပ်ဆောင် လာကြောင်း ဒေသပြည်သူများနှင့် ကျွန်းလှ တက်ကြွလှုပ်ရှာသူများအဖွဲ့ထံမှ သိရှိရသည်။
ဇွန်လ ၂၃ ရက်က ကန့်ဘလူမြို့နယ်၊ ရေကြည်ရွာစာသင်ကျောင်း၌ တစ်အိမ် တစ်ယောက် မတက်မနေရပုံစံဖြင့် အစည်းအဝေးလုပ်ကာ ကျေးရွာအလိုက် လူ ၂၀ မှ ၃၀ ဦးအထိ ပျူစောထီးသင်တန်းတက် တက်ရမည်ဟု သင်္ကန်းဝတ် ဝါသဝ ကိုယ်တိုင် ပြောဆိုကြောင်း ၊ ပျူစောထီးအဖွဲ့အတွက် လူသစ် ပေးရမည့် ကျေးရွာများမှာ ရေကြည် (အရှေ့)၊ ရေကြည် (အနောက်)၊ အုပ်ဖို၊ ခင်သာနှင့် အုန်း တောများက လူ ၂၀ ဦးစီ၊ ခေါသန္တီကျေးရွာက ၃၀ ဦး ပေးရမည်ဟု အတင်း အဓမ္မ လူစုဆောင်းနေခြင်း ဖြစ်သည်ဟု ကျွန်းလှ တက်ကြွလှုပ်ရှား သူများအဖွဲ့က ပြောသည်။
“ခေါသန္တီရွာကိုတော့ လူသစ် ၃၀ ဦး ။ အဲဒါ ဝါသဝ က မိုက်ကြီးနဲ့ အော်ဆဲ နေတာ။ အကုန်လုံး PDF ထဲ ဝင်မှာလားလို့ မေးတော့ မဝင်ပါဘူးလို့။ အဲဒါဆို ပျူထဲကို ဝင်လို့ ပြောတယ်။ အကုန်လုံးက တိတ်ကုန်ကြတယ်။ သူက ထွ က်သွား တယ်ဆိုလို့ရှိရင် အိမ်တွေ အကုန်လုံး၊ လယ်တွေအကုန်လုံး သိမ်းမှာ။ အိမ်တို့ လယ်တို့ သိမ်းမှာ အဲဒီလို။ ငါးရက်နေ့ နောက်ဆုံးလို့ ပြောတယ်။ ငါးရက် က မနက်ဖြန်၊ သဘက်ခါဆို ပြည့်မှာ။ ရွာတွေ ခေါင်းတောက်နေကြတယ်။ ရေကြည်က အရှေ့ရေကြည်၊ အနောက်ရေကြည် နှစ်ခုရှိတာ။ အုတ်ဖို ၂၀၊ အုန်းတော ၂၀၊ ခေါသန္တီ ၃၀ အဲဒီလို ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ အစည်းအဝေးသို့ တက်ရန်ရောက် ဖိအားပေးစဉ်ကလည်း မတက်သည့် နေအိမ်များအား ကျပ် ၁၀,၀၀၀ (တစ်သောင်း) ဒဏ်ရိုက်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း၊ ပျူစောထီးအဖွဲ့အတွက် အစည်းအဝေးပြုလုပ်သည့်နေ့မှ ငါးရက်အတွင်း လူသစ်စုဆောင်း ပေးရမည်ဟု ခြိမ်းခြောက်ကြောင်း သိရှိရသည်။
စစ်တပ်လက်အောက်ခံ ပျူတပ်ဖွဲ့များက ကန့်ဘလူခရိုင်အတွင်း အတင်း အဓမ္မ စစ်သင်တန်း တက်ခိုင်းခြင်းနှင့် လူစုဆောင်းခြင်းများကို ဆက်တိုက် လုပ် ဆောင် နေရာတွင် အချို့ကျေးရွာများ၌ အတင်းအဓ္မ မဲနှိုက် ရွေးချယ်မှု များလည်း ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ဇွန်လ စတုတ္ထပတ်အတွင်းကလည်း ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ တင်းတိမ်ရံ၊ မြနှင်းကုန်း၊ အင်းကောင်းနှင့် ပိုးဇာကုန်းရွာများမှ ဒေသခံအချို့ကို မဲနှိုက်ရွေးချယ် သင်တန်း တက်ခိုင်းခဲ့ကြောင်း၊ ထိုကဲ့သို့ လူသစ်စုဆောင်းမှုကို လယ်လှ ပျူခေါင်းဆောင် ခင်မောင်ကြည် ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်ပြီး မဲပေါက်သော် လည်း သင်တန်း မတက်လိုပါက ၈၅ သိန်း ပေးရန်နှင့် မဲမပေါက် သည့် အိမ်များကိုလည်း လစဉ်ကြေးပုံစံမျိုးဖြင့် တစ်လ တသိန်းနှုန်းဖြင့် ကောက် ယူလျက် ရှိကြောင်း သိရှိရသည်။
အလားတူ ကန့်ဘလူမြို့နယ်၊ လိပ်ထူကျေးရွာအုပ်စု ၊ အင်ကြင်းစု ကျေး ရွာတွင် အကြမ်း ဖက်စစ်တပ် လက်အောက်ခံ ဝါသ၀ ဦးဆောင်သော လက်နက် ကိုင်အဖွဲ့က လူငယ်များကို အတင်းအကျပ် ပြည်သူ့စစ်(ခ) ပျူစောထီးထဲသို့ ဝင်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ကန့်ဘလူမြို့နယ် ၊လိပ်ထူအုပ်စု၊အင်ကြင်းစု ကျေးရွာတွင် မဘသအကြမ်းဖက် ဝါသဝ ဦးဆောင်သော လက်နက် ကိုင် ပြည် သူ့စစ်အဖွဲ့က ပျူကျေးရွာအဖြစ် အသွင်းပြောင်းခိုင်းနေကြောင်း၊ ကျေးရွာတွင် ဆယ်အိမ်မှူး ၂၃ ဦးရှိပြီး ဆယ် အိမ် မှူး တစ်ဦးလျှင် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး ကောက်ခံပေးရန် ဝါသ၀က ညွှန်ကြားကြောင်း၊ ထို့ကြောင့် ကျေးရွာတွင် လူငယ် များကို မဲဖောက်ပြီး ပြည်သူ့ စစ်အဖြစ် စုဆောင်းလျက်ရှိကြောင်း၊ မဲပေါက်သော လူငယ်များအ နေဖြင့် ပြည်သူ့စစ်(ခ) ပျူစောထီး မလုပ်လိုလျှင် ငွေကျပ် ၁၀ သိန်း ပေးရန် ဝါသ၀ဦးဆောင်သော လက်နက်ကိုင်အဖွဲ့က တောင်းခံကြောင်း သိရှိရသည်။
“ရွာမှာ ဆယ်အိမ်ခေါင်း ၂၃ခေါင်းရှိရာတွင် တစ်ခေါင်းလျှင် တစ်ယောက်နှုန်းဖြင့် မဲဖောက်၍ ပျူစောထီးအဖွဲ့ထဲကို အတင်းအကျပ် ဝင်ရောက်ခိုင်းနေပါတယ်။ မဲပေါက်၍ ပျူစောထီး မလုပ်လိုသူတွေအနေနဲ့ ၁၀ သိန်းပေးရမယ်လို့ ငွေ တောင်း တယ်။ မဲပေါက်တဲ့ လူငယ်တွေအနေနဲ့ ပျူစောထီးထဲ မဝင်ချင်၊ တစ်ဖက်မှာလည်း ငွေ ၁၀ သိန်းက မပေးနိုင်တော့ မလိုက်ချင်လို့ မြေလူးပြီး ငိုနေကြရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့၏ ခေါင်းဆောင် ဝါသ၀သည် သင်္ကန်းဝတ် မဘသ တစ်ဦးဖြစ်ပြီး ကန့်ဘလူမြို့နယ် မှော်တော ရွာ ကျောင်းထိုင် ဘုန်းကြီးဖြစ်ကြောင်း၊ ယခင် စစ်တပ်ထောက်ခံ သော အမျိုး သား ရေး အစွန်းရောက်ဖြစ်ပြီး ငါးရာငါးဆယ်ဆရာတော်ဟု အမည်ခံ ထား ကြောင်း ၊ လက်ရှိတွင် စစ်ကောင်စီအတွက် ပျူစောထီးအဖွဲ့များကို ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည်မြို့နယ်တို့တွင် ဦးဆောင်ဖွဲ့စည်းလျက်ရှိကြောင်း သိရှိရ သည်။