ထိုင်းက ဖမ်းဆီးထားသည့် မူးယစ်ရာဇာ ထွန်းမင်းလတ်နှင့် မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်တို့ တည်ထောင်ထားသည့် တော်ဝင်မော တောင် သတ္တုတူးဖော်ရေး အပါအဝင် Star Sapphire Group ကုမ္ပဏီ ၃ ခုကို ဖျက် သိမ်း
ရန်ကုန်၊ ဇွန် ၃၀
ထိုင်းအစိုးရက ဖမ်းဆီးထားတဲ့ မင်းအောင်လှိုင်ရဲ့ စီးပွားဖက် လက်နက်ပွဲစား၊ မူးယစ်ရာဇာ ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်တို့ ပူးတွဲ တည်ထောင်ထားတဲ့ တော်ဝင်မောတောင် သတ္တုတူးဖော်ရေး အပါအဝင် Star Sapphire Group ရဲ့ကုမ္ပဏီ ၃ ခုဖျက်သိမ်းလိုက်တယ်လို့ ဇွန်လထုတ် မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားပါတယ်။
Star Sapphire Groupကို မင်းအောင်လှိုင်သားသမီးတွေနဲ့ ထွန်းမင်းလတ်တို့ ပူးတွဲ တည်ထောင်ခဲ့ကြတာဖြစ်ပြီး ဖျက်သိမ်းတဲ့ ကုမ္ပဏီတွေက တော်ဝင်မောတောင် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် (Royal Mawtaung Mining Co.,Ltd)၊ ကြယ်နီလာဖီးနစ် ကုမ္ပဏီလီမိတက် (Star Sapphire Phoenix Co.,Ltd)နဲ့ ကြယ်နီလာနဂါး ကုမ္ပဏီလီမိတက် (Star Sapphire Dragon Co.,Ltd)တို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြန်တမ်းမှာတော့ အစုရှယ်ယာရှင်တွေရဲ့ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းတာလို့ ဖော်ပြထားပြီး ဘာကြောင့်ဖျက်သိမ်းတယ်ဆိုတာကို ကုမ္ပဏီတွေဘက်က ထုတ်ဖော်ပြောဆိုတာတော့ မတွေ့ရသေးပါဘူး။
မူးယစ်ဆေးဝါး အပါအဝင် ငွေကြေးခဝါချမှုနဲ့ ဦးထွန်းမင်းလတ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းရဲတပ်ဖွဲ့က မနှစ်က စက်တင်ဘာလမှာ ဖမ်းဆီးခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မိသားစုနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ခရိုနီစီးပွားရေးလုပ်ငန်းစု Star Sapphire group ဟာ မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ဝယ်ယူရေးအတွက် ကြားခံပွဲစားအဖြစ် အဓိက အခန်းကဏ္ဍက ပါဝင်နေခဲ့တာပါ။
ဒါ့အပြင် ထိုကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့လည်း စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာပါ။
Star Sapphire group ကို ဒေါက်တာထွန်းမင်းလတ်နဲ့ ဇနီးဖြစ်သူ ဒေါက်တာဝင်းမင်းစိုးတို့က ချုပ်ကိုင်ထားပြီး ၎င်းတို့အနေနဲ့ လက်ရှိ ထိုင်းအထက်လွှတ်တော် အမတ်တစ်ဦးလည်းဖြစ် ထင်ရှားတဲ့ ထိုင်း စီးပွားရေးလုပ်ငန်းရှင် Upakit Pachariyangkun နဲ့ ကာလကြာရှည် မိတ်ဖက် ဆက်ဆံရေးတစ်ရပ် ရှိထားကြပါတယ်။
ထွန်းမင်းလတ်ဟာ ယခင်စစ်အစိုးရလက်ထက်က ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီးဟောင်း(လေ) ခင်မောင်လတ်ရဲ့ သားဖြစ်ပါတယ်။
ထွန်းမင်းလတ်ရဲ့ ဖခင်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီးခင်မောင်လတ်အနေနဲ့ ယခင်စစ်အစိုးရလက်ထက် ဟိုတယ် နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ်ဖြစ်ခဲ့စဉ် ၁၉၉၉ ခုနှစ်က ထိုင်းနိုင်ငံနယ်စပ်မြို့ တာချီလိတ်မှာ တရားမဝင် ကာစီနိုလောင်းကစားရုံတစ်ခုဖြစ်တဲ့ Allure Resort တည်ဆောက်ဖို့ သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနက အဆိုပါ ကာစီနိုလောင်းကစားရုံကို မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံးသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဒီလွှဲပြောင်းမှုဟာ ပြည်ထောင်စုဘတ်ဂျက်မှ နိုင်ငံတော်ရဲ့ အမြတ်ဝေစု ၆% ကို စစ်တပ်လက်အောက်သို့ လွှဲပြောင်းပြီး လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးခြင်း မပြုနိုင်ဖို့ ဖုံးကွယ်လိုက်ခြင်း ဖြစ်ပါတယ်။
The Allure Resort ဟာ Star Sapphire နဲ့ ၎င်းရဲ့ ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးလုပ်ငန်း အကျိုး အမြတ်တွေနဲ့ ချိတ်ဆက်နေပါတယ်။ စစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရ လက်ထက်၊ ၂၀၁၃ ခုနှစ်မှာတော့ ထွန်းမင်းလတ်ဟာ ပြည်ထဲရေးဝန်ကြီးဌာနပိုင် မြေပေါ်မှာ ဟိုတယ်ထားဝယ် ဆောက်လုပ်ဖို့ တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်းရေး (ဘီအိုတီ) စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။
ငှားရမ်းခတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် တာဝန်ရှိတဲ့ စစ်အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာန အတွက် ဝင်ငွေရလမ်းအဖြစ် ဆက်လက် ပံ့ပိုးလျက် ရှိပါတယ်။
Star Sapphire လက်အောက်ခံကုမ္ပဏီတွေဟာ ၂၀၀၁ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်နဲ့ အမြတ်ခွဲဝေမှုအစီအစဉ်နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီး စစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သဘာဝ ပတ်ဝန်းကျင် ဖျက်ဆီးမှုတွေအတွက် ငွေကြေးအထောက်အပံ့တွေ ပံ့ပိုးခဲ့ပါတယ်။
Star Sapphire ရဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Royal Mawtaung Mining (ယခင် Star Thiri Investment) ကို စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန်က ပူးတွဲ တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။
စွမ်းအင်ကဏ္ဍမှာတော့ Star Sapphire အုပ်စုရဲ့ Myanmar Business Consultant Group ဟာ MEHL ပါဝင်တဲ့ သဘာဝဓာတ်ငွေ့ရည်စီမံကိန်းမှာ ဟောင်ကောင်စာရင်းဝင်ကုမ္ပဏီ VPower Group နဲ့ တရုတ်အစိုးရပိုင် China National Technical Import and Export Corporation (CNTIC) တို့ရဲ့ ပြည်တွင်းမိတ်ဖက်အဖြစ် ပါဝင်ပါတယ်။
Myanmar Business Consultant Group ဟာ MEHL သို့ မြေငှါးရမ်းခတွေ ပေးနေပြီး ငှားရမ်း သက်တမ်း ကုန်ဆုံးချိန်မှာတော့ MEHL သို့ အဆိုပါ စက်ရုံအဆောက်အဦးကို လွှဲပြောင်းပေးမှာဖြစ်ရာ စစ်တပ်ကို အကျိုးအမြတ် ကြီးမားလှတဲ့ အနာဂတ်ပိုင်ဆိုင်မှုတွေ ပေးအပ်ခြင်းလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ Star Sapphire ဟာ ထွန်းမင်းလတ်၊ Upakit Pachariyangkun တို့နဲ့ ဆက်နွယ်တဲ့ ထိုင်းနိုင်ငံ အများပြည်သူ စာရင်းဝင်ကုမ္ပဏီ United Power of Asia နဲ့ ၂၀၀ မဂ္ဂါဝပ် ပေါင်းစပ်ဓာတ်အားပေး စက်ရုံကို တနင်္သာရီတိုင်းမှာ တည်ဆောက်ခဲ့ပါတယ်။
ဒါ့အပြင် ထွန်းမင်းလတ်ဟာ ထိုင်းနိုင်ငံကို အခြေစိုက်စခန်းအဖြစ် အသုံးပြုပြီး ထိုင်းလွှတ်တော်အမတ် Upakit Pachariyangkun၊ မြန်မာစစ်တပ်တို့နဲ့ တရားမဝင် ကာစီနိုလုပ်ငန်းတွေ ၊ Siam Commercial Bankနဲ့ ဘဏ်လုပ်ငန်းအပါအဝင် တရားမဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။
မနှစ်က ထိုင်းရဲတပ်ဖွဲ့က မြန်မာခရိုနီ စစ်လက်နက်ပွဲစား ထွန်းမင်းလတ်နဲ့ သူ့ရဲ့ကွန်ရက်ကို မူးယစ် ဆေး ဝါး ရောင်းဝယ်ဖြန့်ချိမှုနဲ့ ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ စစ် စစ်ခေါင်းဆောင် မင်းအောင် လှိုင် ရဲ့ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်တဲ့ တန်ဖိုးကြီးကွန်ဒိုခန်း တစ်ခန်း ရဲ့ ပိုင်ဆိုင် မှုအထောက်အထားနဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန်ရဲ့ ဘဏ်စာအုပ် တွေ ကို ထိုင်းရဲတွေက တွေ့ရှိခဲ့ပါတယ်။
မင်းအောင်လှိုင်ရဲ့ သားနဲ့သမီးတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထွန်းမင်းလတ်ကို ဖမ်း ဆီး တဲ့ အချိန်မှာ ထွန်းမင်းလတ်ရဲ့ လက်မှာရှိနေတာကို လက်ပူး လက်ကြပ် ဖမ်းမိ တာ ဖြစ်ပါတယ်။
ထွန်းမင်းလတ်ကိုစွဲဆိုထားတဲ့ ရာဇ ဝတ် မှုတွေနဲ့ မင်းအောင်လှိုင်ရဲ့ သားသမီးတွေကြား ဆက်နွယ်နေတဲ့ သက်သေအထောက် အထားတွေ ရှိနေပေမယ့် ထိုင်းရဲတွေအနေနဲ့ မင်းအောင် လှိုင်ရဲ့ သားသမီးတွေကို စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့လုပ်ဆောင်ထားခြင်း မရှိပါဘူး။
ဓာတ်ပုံ- မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နဲ့ မူးယစ်ရာဇာ ထွန်းမင်းလတ်။