တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်နေ၍ ပြည်သူ ထောင်နှင့်ချီ ထွက်ပြေးနေရ
ရန်ကုန်| ဇွန် ၃၀
တနင်္သာရီမြို့နယ် စလုံးတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယခုလ ဇွန်လ ၂၆ ရက်နေ့က စတင်ပြီး ၂၉ ရက်နေ့အထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်နေမှုကြောင့် ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ် သာရဖုံကျေးရွာအုပ်စု ပဝရွာနှင့် အနီးအနားရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးအပါအဝင် လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများမှာ ကြောက်လန့်ပြီး ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရသည်။
ပ၀ဒေသခံ တစ်ဦးက “ပစ်ခတ်မှုတွေတော့ မရပ်သေးဘူး စစ်တပ်က နေ့တိုင်း ပစ်နေတာမျိုးပါ။ တစ်ရွာပြီး တစ်ရွာ လက်နက်ကြီးနဲ့ ပစ်နေတာ ဖြစ်တယ်”ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်ထဲက မရင်းကြီးကျေးရွာ၊ မော်တုံး အရှေ့ကမ်းနှင့် အနောက်ကမ်းနှင့် သာရဖုံကျေးရွာတို့ကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများ ပြောဆိုသည်။
ပ၀ရွာ၏ ဒေသခံ စစ်ရှောင်တစ်ဦးက”မနေ့က ရွာရဲ့ ဘုန်းကြီးကျောင်း အနီးနဲ့ ကမ်းစပ်ကို လက်နက်ကြီး ကျတယ်၊ အဝေးကနေ လှမ်းပစ်တာမို့ လူတွေတော့ မထိခိုက်ဘူး။ ဒါပေမယ့် အိမ်တွေ ပျက်စီးတာမျိုး ရှိလို့ ရွာခံတွေ အားလုံးကတော့ ဘေးလွှတ်ရာ ရှောင်နေရတယ်”ဟု ပြောသည်။
လက်ရှိတွင် ပ၀ကျေးရွာတွင် ဒေသခံများ ရွာလုံးကျွတ် ဘေးလွတ်ရာတိမ်းရှောင်နေရ၍ ရွာတွင် လူအနည်းငယ်သာ ကျနရှိတော့ကြောင်း ဒေသခံများနှင့် ကာကွယ်ရေးတပ်များက ပြောဆိုသည်။
“ရွာခံ အတော် များများကတော့ အဝေးကြီးကို တိမ်းရှောင်တာမျိုး မဟုတ်ပါဘူး။ အဓိက လက်နက်ကြီးနဲ့ ဝေးရာ ဥယျာဉ် တောတောင်တွေဆီကို ခေတ္တရှောင်နေတာ ဖြစ်တယ်”ဟု PDF ရဲဘော် တစ်ဦးက ပြောသည်။
တနင်္သာရီမြို့နယ် သာရဖုံကျေးရွာအုပ်စုတွင် ပဝရွာမ၊ ချောင်းဝ၊ ချောင်းကောက်၊ ပဝထဲ့နှင့် သက်ကယ်ကျော်ရွာ အပါအဝင် စုစုပေါင်း အိမ်ခြေ ၉၀၀ ကျော်ရှိကာ လူဦးရေမှာ ၆၀၀၀ ကျော်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ် စလုံးတောင်ပေါ်မှ စစ်ကောင်စီ အမြှောက်တပ် (၃၀၆) တပ်ရင်းကနေ ပစ်ခတ်နေပြီး ဒေသခံများမှာလည်း နေအိမ်များ စွန့်ခွာ တဖြည်းဖြည်း ထွက်ပြေးလာနေကြကြောင်း ပြည်သူကာကွယ်တပ်ဖွဲ့များနှင့် ဒေသခံများက ပြောဆိုသည်။



