ကော့ကရိတ်ရှိ ခမရ ၉၇ တပ်ရင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး၊ ကျိုက်ထိုနှင့် ထားဝယ်ရှိ စစ်တပ်ဂိတ်စခန်း၊ ကင်းပုန်းတို့ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၃၀
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၉၇ တပ်ရင်းအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၃၀ ရက် နေ့က ပြည်သူလူထုနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ နေ့စဉ်နှင့်အမျှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၉၇ တပ်ရင်းအတွင်းသို့ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦး၊ စစ်သား တစ်ဦး သေဆုံးပြီး ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ပွဲတော် ဦးဆောင်၍ ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ရင်းရုံး ကာကွယ်ရေး တပ်ခွဲ( Southern Eagle PDF)၊ ကျားဖြူတပ်ခွဲ ၄ ၊ ကျားဖြူတပ်ခွဲ ၅ ( Justice Soldier PDF) တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ သံတားဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ထံမှ သိရသည်။
ယနေ့ဇွန်လ ၃၀ ရက် မွန်းတည့် ၁၂ နာရီ ၃၅ မိနစ်ခန့်ကအဆိုပါ အကြမ်းဖက်စစ်တပ် တံတားဂိတ်အား စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ် သားထိခိုက်သေဆုံးမှုအခြေအနေ စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ၊ KNLA ၊ PDF ၊ TPDF-KD၊ Yangon Eagle Force နှင့် ကျိုက်ထို ပကဖ အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက် ၇ နာရီကျော်ခန့်က ဘီဘင်းတိုးဂိတ်ဟောင်းရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရသေးကြောင်း၊ ထို့အပြင် နံနက် ၈ နာရီခန့် က ကျိုက်ထိုမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်း လာသော အကြမ်ဖးက်စစ်ကား ၄ စီးကို အလူးလေး အထပ်သားစက်ရုံနားတွင်း ကြားဖြတ်မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ကားနှစ်စီး ပက်လက်လန်သွားပြီး ထိခိုက် သေဆုံးမှုမသိရသေးကြောင်း KNU/KNLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးသေခဲ့ကြောင်း Dawei Guerilla Revolutionary Force- DGRF ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၂၉ ရက် ညနေ ၂ နာရီခွဲခန့်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ(ဟားလီး ကွေ့) အနီး၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၁၀ ဦးကို Dawei Guerilla Revolutionary Force- DGRF – ထားဝယ်ပကဖ တပ်ဖွဲ့ဝင်များမှ စနိုက်ပါ၊ လက်နက်ငယ်၊ ၄၀ မမများဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်နေချိန်အတွင်း ၁၅ မိနစ်ခန့်အကြာ အဖြူရောင် ကျောက်တင်ကားဖြင့် စစ်ကူများ ရောက်ရှိလာသဖြင့် ဆီးကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမှာ ထိုးရပ်သွားပြီး အပြန်အလှန်ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ ထို့သို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း ကျည်မလုံလောက်သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ ကြောင်း Dawei Guerilla Revolutionary Force- DGRF က ထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ရပြီး နောက်ထပ် ခိုက်မှုများရှိနိုင်သော်လည်း အသေးစိတ်မသိရှိရပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
