ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်ရှိ ရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
ရန်ကုန်၊ ဇူလိုင် ၁
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး (နို့တကော) မြို့နယ်နှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုထံမှ သိရသည်။
ဇွန်လ ၃၀ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ် အချိန်တွင် ကြာအင်းဆိပ်ကြီး (နို့တကော) မြို့နယ် တကူခီး (ခေါ်) တဂေးကျေးရွာကို အကြမ်းဖက် စစ်တပ်၏ ကြာအင်း ဆိပ်ကြီး အခြေစိုက် စကခ လက်အောက်ခံ ခလရ ၂၈၃ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းရှိ ရော်ဘာခြံကို ကျရောက် ပေါက်ကွဲကာ အသက် ၄၄ နှစ်ရွယ် တဂေး ကျေးရွာနေပြည်သူ စောပိုပို (ခေါ်) စောစိုးလင်း လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ဇွန်လ ၃၀ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့၊ မဲကနယ် ကျေးရွာ အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ ၂၇၅ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၄ လုံးဖြင့် မဲကနယ် ကျေးရွာအတွင်း ပစ်ခတ်ခဲ့ပြီး အသက် ၇၆ နှစ်အရွယ် နော်ကာ့ညာ့မိုး (ခေါ်) နော်မငို နှင့် အသက် ၁၀ နှစ်အရွယ် နော်အယ်ဖောခလိ တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဒူးပလာယာခရိုင် နယ်မြေများအတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ နေ့စဥ်လုပ်ဆောင်လျှက် ရှိပြီး ပြည်သူများမှာ စိုးရိမ်ထိတ်လန့်လျက်ရှိပြီး နေအိမ်များတွင် မနေရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရသည်။