မတ္တရာတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ ဝိုင်းမော်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြား
ရန်ကုန်၊ ဇူလိုင် ၁
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဲဖြူချောင်းရွာနှင့် မြို့ဒင်ရွာ အကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန် ကြီးဌာနထံမှ သိရသည်။
ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆည်တော်ကြီးရွာမှ မြို့ဒင်ရွာဘက်သို့ ဆင်းလာစဥ် သဲဖြူးချောင်းရွာနှင့်မြို့ဒင်ရွာ အကြား အရောက် အသင့် ထောင်ထားသော အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးပြီး တပ်စုမှူးအဆင့်ပါ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မိုးကြိုးပြောက်ကျားတပ်ဖွဲ့နှင့် နဂါးညီနောင်တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားများမှ သေနတ်များ ပစ်ဖောက်ကာ ရွာသားများကို ရိုက်နှက်ပြီး ပြန်ဆုတ်သွားကြောင်း သိရသည်။
အလားတူ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံး-ကန်ပိုက်တီလမ်း၊ ထိန်ရောဘွမ်ရွာဟောင်းတွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့ကြောင်း NUG ကာကွယ်ရေးဝန် ကြီးဌာနထံမှ သိရသည်။
ဇွန်လ ၃၀ ရက် နံနက် ၉ နာရီခန့်က ထိန်ရောဘွမ်ရွာဟောင်းတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်၏ ခမရ ၃၁၇ (မကွေး ၊ တမခ -၈၈ ၊ မပခ) ၊ ခမရ -၃၈၄ (ဆားမှော်၊ စကခ -၃၊ မပခ)မှ စစ်သားများနှင့် KIA တပ်ရင်း ၃ ၊ MHH ၊ MKM ပူးပေါင်း စစ်ကြောင်းတို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
