မင်းအောင်လှိုင်၏ခိုင်းစေချက် ယတြာအရ နေပြည်တော်တွင် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပြိုင်ပွဲ ပြုလုပ်မည်
ရန်ကုန်၊ ဇူလိုင် ၂
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခိုင်းစေချက် ယတြာအရ နေပြည်တော်တွင် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ် ဆိုပြိုင်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း နေပြည်တော် ဝန်ထမ်းအသိုင်းအဝိုင်းက ပြောသည်။
နေပြည်တော်တွင် မင်းအောင်လှိုင်က ၎င်းတည်ထားသော မာရဝိဇယ ဘုရား ဆင်း တုတော် ပြီးစီးမှု အထိမ်းအမှတ်အနေဖြင့်လည်းကောင်း၊ နိုင်ငံ အေးချမ်း သာယာသည့် နမိတ်အနေဖြင့်လည်းကောင်း ဓမ္မစကြာနှင့် အနတ္တလက္ခဏ သုတ် အလွတ်ရွတ်ဆိုပြိုင်ပွဲများ ကျင်းပပြုလုပ်ရန် ခိုင်းစေလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပြိုင်ပွဲများကို ဝန်ကြီးဌာနပေါင်းစုံက ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး လက်ရှိတွင် ပြည်နယ်/တိုင်း၊ခရိုင်အလိုက် ပြိုင်ပွဲများ ပြုလုပ်နေကြောင်း၊ ယင်းပြိုင်ပွဲများတွင် အနိုင်ရလာသည့် ဝတ်ရွတ်အသင်း များက နေပြည်တော်တွင် စုပေါင်း ထပ်မံ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရှိရ သည်။
“အရင်တုန်းကတော့ ဘုရားရှိခိုးပူဇော်ခိုင်း၊ ဝတ်ရွတ်ခိုင်းတာ။ အခုက ဘုရားစာ ကို အလွတ်ရွတ် ပြိုင်ပွဲတွေ လုပ်ခိုင်းတာ။ ဘုရားကြည်ညိုလို့ လုပ်ခိုင်းတာ ထက် ယတြာလုပ်တယ်ထင်ပါတယ်။ ဘုရားရှိခိုး ကြည်ညိုတာ ရွတ်ဆိုတာက ပြိုင်စရာမဟုတ်ပေမယ့် ပြိုင်ခိုင်းနေတော့လည်း အတော်ကို ရုပ်ဆိုးတယ်” ဟု နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနမှ အရာထမ်းတစ်ဦးက ပြောဆိုသည်။
လက်ရှိ ပြည်နယ်၊ တိုင်းအသီးသီးတွင် ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲများ ကျင်းပနေပြီး ဆုရရှိကြသည့် အသင်းများ သည် နေပြည်တော်တွင် ထပ်မံ လာရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရှိရသည်။
ယခင်ကလည်း အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ် တပ်ရင်းတပ်ဖွဲ့များ၊ ဝန်ကြီးဌာနများနှင့်ရုံးများတွင် ပရိတ်ရွတ်ဆိုပွဲများ၊ ဓမ္မစကြာရွတ်ဆိုပွဲများ၊ အောင်ခြင်းရှစ်ပါးဂါထာ ရွတ်ပွဲများ မကြာခဏဆိုသလို ပြုလုပ်ရန် အမိန့် ပေးခိုင်းစေခဲ့သည်။
ဓာတ်ပုံ- မကွေးတိုင်းတွင် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဆိုပြိုင်ပွဲ ဆုရ အသင်းများကို ဆုချီးမြှင့်နေစဉ်။


