ဝက်လက်၊ ရွှေကျင်ရွာအနီး တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှု များပြား
ရန်ကုန်၊ ဇူလိုင် ၂
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ရွာအနီး တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ခွဲ ၃ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အောင်ဒင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာ အရှေ့ဘက် ဘုရားကုန်း စခန်းချ တပ်စွဲနေထိုင်သော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုန်းကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း စစ်သား ၁၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိကာ အကြမ်းဖက် စစ်တပ်ဘက်မှလည်း စနိုက်ပါဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်သားများသည် ဇွန်လ ၂၆ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ စဥ့်ကိုင်ကျေးရွာကို စစ်ကြောင်းထိုးပြီး PDF ရဲဘော် ၁၄ ဦးကို သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုကို Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း-၁၅၊ ကျောက်ဆည်ခရိုင်တပ်ရင်း-၁ (နဂါးနီတပ်ရင်း) ၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့ (လေသရဲဒရုန်းတပ်ဖွဲ့)၊ ဆားထောင်မိုးကြိုး နှင့် ရွှေဘိုခရိုင်တပ်ရင်း ၁၅ (တပ်ခွဲ ၃) Eagle- ပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
