ဆားလင်းကြီး၊ ညောင်ပင်ကြီး ကျေးရွာအုပ်စုရှိ ရွာ ၄ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၉၀ ကျော်ပြာကျ
ရန်ကုန်၊ ဇူလိုင် ၂
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာ အုပ်စုရှိ ရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခြင်းကြောင့် နေအိမ် ၉၀ ကျော်ပြာကျခဲ့ကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက် စစ်တပ်က ဇွန်လ နောက်ဆုံးပတ်၌ ညောင်ပင်ကြီး ကျေးရွာ အုပ်စုရှိ ရွာ ၄ ရွာကို မီးရှို့ ဖျက်ဆီးမှုကြောင့် ကျေးရွာ နေအိမ် ၉၀ ကျော်မီးလောင် ပြာကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဇွန်လမကုန်ခင် နောက်ဆုံးပတ်လောက်က။ ကျေးရွာ ၄ ရွာနဲ့ အိမ်တွေ ။ ရွာနာမည်တွေကတော့ မပြောတော့ပါဘူး။ တချို့တွေက ကြောက်တတ်တော့။ ညောင်ပင်ကြီး လမ်းဘေးရှိ နေအိမ်တွေ ကို ရှို့ခဲ့တာ” ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ဇွန်လအတွင်း ညောင်ပင်ကြီးတစ်ဝိုက်ရှိ ကျေးရွာများကို လှည့်ပတ်၍ ကွက်ကြား မီးတင်ရှို့ခြင်းများ ပြုလုပ်ခဲ့သော ကျေးရွာ ၉ ရွာ ဝန်းကျင် ခန့်ရှိကြောင်း၊ ကွက်ကြား မီးတင်ရှို့ခြင်းခံခဲ့ရမှုကြောင့် ဒေသပြည်သူများ၏ နေအိမ် ၃၀၀ ခန့် ပျက်စီးဆုံးရှုံးမှု ရှိနိုင်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။



