26 C
Yangon

တနင်္သာရီတွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်၊ ကောလင်းတွင်လည်း တိုက်ပွဲဖြစ်ပွား

Must read

တနင်္သာရီတွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်၊ ကောလင်းတွင်လည်း တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၂

တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ လငုရွာအနီး အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၂ ရက် နံနက် ၈ နာရီခန့်က ညောင်ပင်ကွင်းရွာ အခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ သိန္ဓောရွာ ဘက်သို့ ဦးတည် ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များမှ ခြုံခို တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ ဆက်လက် ထွက်ခွာလာသော စစ်ကြောင်းကို မွန်းလွဲ ၁၂ နာရီခန့်တွင် တောင်ဘိန်းကျေးရွာ အရောက် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ် ခမရ ၅၆၁ တပ်ရင်းမှ သကျက်တောကျေးရွာ အုပ်စု အတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် မော်တုံးကျေးရွာ အခြေစိုက် ခမရ ၅၅၇ တပ်ရင်းမှလည်း စစ်ကား ၄ စီးအပြည့်ဖြင့် ရေဖြူ ဗျူဟာကုန်းသို့ အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။

လငုရွာသည် သကျက်တောရွာနှင့် ခမရ ၅၆၁ တပ် အကြားတွင် ရှိပြီး ရွာအနေဖြင့် သတ်မှတ်ထားခြင်းမျိုးမရှိဘဲ ဥယျာဉ်ခြံမြေနှင့် တဲအိမ်အနည်းစုသာရှိသည့် နေရာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိမှု ရှိပြီး အထမ်းများဖြင့် သယ်ဆောင်သွားကြောင်း Kawlin Info ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၂ ရက် နံနက်၇ နာရီခွဲခန့် ချပ်သင်းရွာမှ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ စောင့်ကြို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားထိခိုက်ဒဏ်ရာရရှိပြီး ချပ်ကြီးကျေးရွာ အထိုင်စခန်းသို့ အထမ်းကြီးငယ်များဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article