ကန့်ဘလူရှိ ရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၉ လုံးနှင့် စစ်ရှောင်တဲ ၂၅ လုံးပြာကျ၊ ကျေးရွာ ၆ ရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
ရန်ကုန်၊ ဇူလိုင် ၄
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၉ လုံးနှင့် စစ်ရှောင်တဲ ၂၅ လုံးပြာကျ ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင် ၃ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာ အထိုင် စခန်းမှ ထွက်ခွာလာသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ်သည် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် မကျီးကုန်း ကျေးရွာကို ရောက်ရှိလာပြီး ပြည်သူကိုင် နေအိမ် ၉ လုံးနှင့် စပါးတိုက် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းက ချောင်းခြားကျေးရွာအနီးရှိ စစ်ရှောင်တဲ ၂၅ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းခြားကျေးရွာ စာသင်ကျောင်းအတွင်း၌ တပ်စွဲထားကြောင်း သိရှိရသည်။
ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်း မှုကြောင့် အင်းမ၊ မကျီးကုန်း၊ ချောင်းခြား၊ ရှမ်းကုန်း၊ ပင့်သာနှင့် ဖလားရ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။