ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသောနေရာများကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၅
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက ရန်ကုန် ခေတ်သစ်သို့ ပြောဆိုသည်။
ဇွန်လ ၂၉ ရက်နေ့ စတင်ကာ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၈၃ တပ်ရင်း ဌာနချုပ်၊ ခုတ်ခွား စစ်စခန်း၊ အဘစ် စစ်ကောင်စီ ဂိတ်၊ ခလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက် စစ်တပ် အခြေပြု တပ်စွဲထားသော နေရာကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းကာ ၈၁ မမဗုံးသီးများ၊ ၆၀ မမ ဗုံးသီးများနှင့် လက်နက်ကြီးများ အသုံးပြုပြီး နေ့စဥ် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ် အခြေပြု တပ်စွဲထားသော နေရာများ ကြေမွ ပျက်စီးသွားခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်၏ အမြောက်တပ် အမတ-၃၁၈ မှ စစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ခလရ ၂၈၃ တပ်ရင်းဌာနချုပ် ဂျန်ပါတွေကောင်းတော့ ဘယ်ဒရုန်းမှ မလာစေရဘူးလို့ ကြွေးကြော်ထားတယ်။တကယ်လည်း သွားတိုက်တဲ့အခါ ဒရုန်းတွေပျက်ကျတယ်။ ဒါပေမယ့် ရအောင် ကျွန်တော်တို့ တိုက်ခိုက်နိုင်ခဲ့တယ်လို့” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းကပြောဆိုသည်။
အကြမ်းဖက် စစ်တပ်ကလည်း ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် နေရာအနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း KNLA ၊ S.O.F ၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မှုမရှိကြောင်း၊ ကြာအင်းဆိပ်ကြီးမြို့ရှိ အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ ဝန်ထမ်းများ၏ ဒေသ ပြည်သူများအပေါ် ဥပဒေမဲ့ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်မှုများအတွက် အမြစ်ဖြတ် ချေမှုန်းသွားမည်ဟု ဖိနှိပ်ခံ တော်လှန် ပြည်သူများကို လေးစားစွာ တင်ပြလိုကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက ဆက်လက်ပြောဆိုသည်။



