ကန့်ဘလူရှိ ဇီးကုန်းရဲစခန်းကို ပစ်ခတ် တိုက်ခိုက်မှု ရဲ ၁ ဦး သေဆုံး၊ ကျိုက်ထို-ဘီးလင်း နယ်စပ်ရှိ စစ်တပ်၏ သံတံတားဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၆
ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းရဲစခန်းကို ဇူလိုင်လ ၅ ရက်နေ့တွင် တော်လှန်ရေးအဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။
ဇီးကုန်းတိုက်နယ်သည် အကြမ်းဖက်စစ်တပ် စိုးမိုးထားသည့် နယ်မြေတစ်ခုဖြစ်ပြီး အရှေ့ဘက် ၁ မိုင်ခွဲ အကွာတွင် စစ်တပ် အထိုင်စခန်းဖြစ်သည့် ဇီးကုန်းသကြားစက်နှင့် အလွန်နီးကပ်သောကြောင့် တော်လှန်ရေး အင်အားစုများ လှုပ်ရှားရန် ခက်ခဲသည့် နယ်မြေဖြစ်သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထို-ဘီးလင်း နယ်စပ်ရှိ အကြမ်းဖက် စစ်တပ်၏ သံတံတားဂိတ်ကို ကာကွယ်ရေး တပ်ဖွဲ့များက ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ သံတံတားဂိတ်ကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်မှ ၈၀ မမ စိန်ပြောင်း ၆ လုံးဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။