KNU တပ်မဟာ ၃ နယ်မြေတွင် ၅ ရက်တာ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား ၃၂ ဦး သေဆုံးပြီး KNLA တပ်သား ၁ ဦးကျဆုံးဟု ကေအဲန်ယူ ထုတ်ပြန်
ရန်ကုန်| ဇူလိုင် ၇
KNU တပ်မဟာ ၃ နယ်မြေ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် ဇူလိုင်လ ၁ ရက်နေ့မှ ၅ ရက်နေ့ အထိ ၅ ရက်အတွင်း စစ်ကောင်စီတပ်များနှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃၂ ဦးသေဆုံးခဲ့ပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်သည်။
အဆိုပါ ၅ ရက်အတွင်း တိုက်ပွဲများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲပေါင်း ၉ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းတိုက်ပွဲများတွင် K.N.L.A တပ်မဟာ ၃ လက်အောက်ခံတပ်ဘက်မှလည်း ၁ဦး သေဆုံးခဲပြီးကြောင်း ထုတ်ပြန်ချက် က ရေးသားထားသည်။ ယင်း ၅ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက် လက်နက်ကြီး ၁၁၄ လုံးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထို့အပြင် စစ်ကောင်စီမှ အရပ်သား ပြည်သူ ၄၈ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့ထံမှ ဖုန်း ၇လုံးနှင့် ကျပ်ငွေ ၂၅ သိန်းကျော်ကို အဓမ္မသိမ်းယူခဲ့သည့်အပြင် နေအိမ် ၅လုံး၊ ဆိုင်ကယ် ၃စီးနှင့် လယ်ထွန်စက်အသေး ၁စီး၊ မီးစက် ၁လုံး၊ စက်ဘီး ၁စီး၊ ရေစက် ၁လုံး၊ ဝက်ခြံ ၂ခြံ တို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ ခလရ-၂၆၄တပ် အထိုင်ချထားသည် ခင်ကန့်လန့်ကျေးရွာမှ ကညင်ကျိုးကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ငဖယ်အင်းကျေးရွာမှ နေအိမ် ၆လုံး ပျက်စီးခဲ့ရသလို ရေတွင်းကုန်းကြီးကျေးရွာနှင့် ဥသျှစ်ကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ခလယ်လွီထူခရိုင်တွင် လတ်တလောအခြေအနေအရ ၅ ရက်အတွင်း ရေတွင်းကုန်းကြီး၊ ဥသျှစ်ကုန်း၊ အုန်းပင်စု၊ သပြေကုန်း၊ ဝက်တူး၊ အညာစု၊ ငနွားဆိပ်၊ ငဖယ်အင်း စသည့်ကျေးရွာများမှ လူဦးရေ စုစုပေါင်း ၄၆၇၂ဦး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
အလားတူ အင်းပရိ၊ ကျောက်တန်း၊ ကညင်ကျိုး၊ လက်ခံ၊ ဒိုးတန်း၊ ကန်ကလေး၊ ရေတွင်းကုန်း၊ သမင်အင်းကုန်း၊ ချွဲတလဲ၊ တလဲဒူး၊ တလဲဆန်း၊ ခိုလှုံ၊ တလဲခင်၊ နံဇ စသည့်ကျေးရွာများမှာလည်း ကျေးရွာသားအချို့လည်း ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောဆိုသည်။




