ရေဦး၊ ရေမြက်ရွာရှိ ဘုန်းကြီးကျောင်းအနီးကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စေတီ ၁ ဆူနှင့် ဆင်းတုတော်များ ပျက်စီး
ရန်ကုန်၊ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာရှိ ဘုန်းကြီးကျောင်း အနီးကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခဲ့ပြီး စေတီ ၁ ဆူနှင့် ဆင်းတုတော်များ ပျက်စီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် အမေ့သား က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၂ မိနစ်အချိန် ရေဦးမြို့နယ်၊ ရေမြက်ရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း အနီးကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တိုက်လေယာဉ် ၁ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး စေတီ ၁ ဆူနှင့် ဆင်းတုတော်များ ပျက်စီးခဲ့ကြောင်း သိရသည်။
” စေတီတော် ၁ ဆူ ထီးတော်ကျိုးကျသွားတယ်။ ဆင်းတုတော် ၅ ဆူထက်မနည်း ပြိုကျပျက်ဆီးခဲ့ရတယ်။ စာသင်ကျောင်းအတွင်းက သစ်ပင်ကြီးတွေ ကျိုးကျတာတွေရှိတယ်။ ပေါင် ၅၀၀ ဗုံးတွေ ၃လုံးကြဲချသွားတယ်။ တစ်လုံးကတော့ ဓမ္မာရုံအနီးမှာ ကျတာ မကွဲသေးဘူး။ ကျန် ၂လုံးကတော့ ဘုန်းကြီးကျောင်းနားမှာ ၁လုံးနဲ့ စာသင်ကျောင်းအနီး အပြင်ဘက်မှာ ၁ လုံး ပေါက်ကွဲခဲ့တယ်။ စက်လက်နက်ကြီးတွေနဲ့လည်း ရွာပတ်ပတ်လည်ကို ပစ်ခတ်သွားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် အမေ့သား ကပြောဆိုသည်။