မြင်းမူ၊ ဂုံညင်းဆိပ်ရွာကို မီးရှို့နေသည့် စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညင်းဆိပ်ရွာကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တိုက်နယ်စွန် PDF ပြန်ကြားရေး ဒုတာဝန်ခံ စွန်နက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဂုံညင်းဆိပ်ရွာကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” ဂုံညင်းဆိပ်ကို ဝင်ရောက် မီးရှို့နေတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်နယ်စွန် PDF က တပ်စိတ် ၂ စိတ်နဲ့ ဂုံညင်းဆိပ် တစ်ဖက်ကမ်းမှာရှိတဲ့ ရေဆိပ်ကနေ ညနေ ၃ နာရီ အချိန်မှာ ၆၀ မမ ၁၁ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ မဟာမိတ်တွေ ပြောကြားချက်အရ စစ်ခွေး ၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာသူတွေလည်းရှိတယ်” ဟု တိုက်နယ်စွန် PDF ပြန်ကြားရေး ဒုတာဝန်ခံ စွန်နက်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ဂုံညင်းဆိပ်ရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း အပါအဝင် ပြည်သူပိုင် နေအိမ် ၁၈၀ ကျော် ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။