နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးမှုကြောင့် မောင်တောတွင် လုံခြုံရေး တင်းကျပ်လာ
ရန်ကုန်| ဇူလိုင် ၁၀
ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ALP တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှုနှင့် ရဲတပ် ဖွဲ့ ဝင်များ ထွက်ပြေးမှုကြောင့် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်လက် အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှ ယခင်ကထက် လုံခြုံရေး ပိုမိုတင်း ကျပ် လာကြောင်း ဒေသခံများက ပြောဆိုကြသည်။
မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မကြာခဏ ထွက်ပြေး နေခြင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ တပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ် တော်က ဖမ်းဆီးသွားသည့်ကိစ္စကြောင့် လုံခြုံရေး နှစ်ဆသုံးဆအထိ တိုးမြှင့် ထား ကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်လ ၃ ရက်နေ့ညက ငါးခူရနယ်ခြားစောင့်တပ်ဖွဲ့မှ စခန်းမှူး အပါအဝင် အရာရှိ ၃ ဦး ထွက်ပြေးသွားသောကြောင့် စစ်ကောင်စီမှ အင်အားအများအပြား ဖြင့် အနီးအနားကျေးရွာများနှင့် အနီးအနားတစ်ဝိုက်ကို ရှာဖွေစစ်ဆေးခဲ့သော် လည်း တွေ့ရှိခြင်းမရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ် မြင်း လွတ်နယ် ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၄ ဦး လက်နက်နှင့်အတူ ထွက်ပြေး သွား၍ အင်အားအလုံးအရင်းဖြင့် ရှာဖွေသော်လည်း လက်ရှိအချိန်အထိ ရှာမတွေ့သေးကြောင်း ဒေသခံများက ပြောသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကလည်း အထက်လူကြီး၏ အနိုင်ကျင့်ဗိုလ်ကျခြင်းကြောင့် ထွက်ပြေးခဲ့သည့် ဖြစ်စဉ် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ၃ ခုထက်မနည်းရှိပြီး မောင်တောမြို့နယ်တွင် ၁၀ ခုထက်မနည်း ရှိခဲ့ကြောင်းနှင့် စုစုပေါင်း ထွက်ပြေးသည့် တပ်သား ၃၀ မနည်းရှိကြောင်း စုံစမ်းသိရှိရသည်။
ဆက်လက်ပြီးလည်း ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်အချို့ကို ရက္ခိုင့်တပ်တော်မှ မောင်တောဒေသတွင် ဖမ်းဆီးမှုရှိနေပြီး စုံစမ်းချက်အရ ALP စီးပွားရေးတာဝန်ခံ အာဂျေ ကေတီဗွီ ပိုင်ရှင်၏ သား ကိုချစ်မင်းနှင့် ဘင်္ဂလားဒေ့ရှ်ကို နွားပို့နေသည့် တပ်ဖွဲ့ဝင်တစ်ဦးကို ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးခဲ့သည်ဟု သိရသည်။
အဆိုပါ ကိစ္စရပ်များကြောင့် မောင်တောဒေသတွင် ဘူသီးတောင်သွားလမ်း၊ ရသေ့တောင်သွားလမ်းနှင့် မြို့အဝင်အထွက်များကို လုံခြုံရေးပိုမိုတင်းကျပ်ထားပြီး စစ်ဆေးမှုများကို အချိန်ပြည့်ပြုလုပ်နေကြောင်း သိရသည်။
ယင်းကဲ့သို့ စစ်ဆေးမှုတင်းကျပ်ခြင်းနှင့် လုံခြုံရေးပိုမိုတင်းကျပ်ခြင်းသည် ဒေသနေ ပြည်သူလူထုများကို အထိတလန့်ဖြစ်စေပြီး မလိုလားအပ်သည့် စိုးရိမ်ပူပန်မှုများနှင့် စစ်ရေးအခြေအနေကို ဦးတည်နေကြောင်း မောင်တောဒေသခံ နိုင်ငံရေးသမားက သုံးသပ်ထားကြသည်။
မောင်တောဒေသတွင် ALP တပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးသွားသည့် ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ သတင်းထုတ်ပြန်ခြင်းမရှိသလို ရက္ခိုင့်တပ်တော်ဘက်က မေးမြန်းချက်အပေါ် အတည်မပြုသေးပေ။
ဇူလိုင်လ ၁ ရက်နေ့ကတော့ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်အနီးတွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒုတိယဥက္ကဌနှင့် အရာရှိပါ တပ်ဖွဲ့ဝင် ၃ ဦး လက်နက်ကိုင်အုပ်စုတစ်ခုမှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။
ယင်းပစ်ခတ်မှုကို ALP မှ ရက္ခိုင့်တပ်တော် AA ကို စွပ်စွဲထားပြီး ရက္ခိုင့်တပ်တော်ဘက်မှ ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားသည်။
မောင်တောခရိုင်တွင် ညမထွက်ရ အမိန့်ရှိနေပြီး အခြားသော ရခိုင်ပြည် မြောက်ပိုင်း က မြို့နယ်အများအပြားတွင်လည်း ညမထွက်အမိန့်ရှိနေသေး သည့်အတွက် လက်ရှိအချိန်တွင် စစ်ရေး တည်ငြိမ်နေ၍ ညမထွက်ရအမိန့်ကို ရုပ်သိမ်းသင့်ပြီဟု ဒေသခံများက တောင်းဆိုနေကြသည်။
ဓာတ်ပုံ- မောင်တောတွင်ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ ဝင် များ။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- Reuters။