မင်းကင်းမြို့နယ်၊ အင်းရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ ဖျက်ဆီးသွား
ရန်ကုန်၊ ဇူလိုင် ၁၁
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်းရွာအတွင်းသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို ဖောက်ထွင်း ခိုးယူ ဖျက်ဆီးသွားကြောင်း Minkin PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၉ ရက်နံနက် ၈ နာရီခန့်က မအူ ပျူစောထီးရွာမှ အကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၄၀ ခန့်နှင့် ကြာပင်ရဲစခန်းမှ အင်အား ၁၀၀ ခန့်ရှိ စစ်ကြောင်းနှစ်ခုသည့် ပီက္ခယားကျေးရွာနှင့် အင်းရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို ဖောက်ထွင်းပြီး တန်ဖိုးရှိ ပစ္စည်းများကို မွှေနှောက်ခိုးယူကာ ကျန်ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပိက္ခယားကျေးရွာမှ ပြည်သူ့နေအိမ် ၁ လုံးပျက်စီးခဲ့ ကြောင်း သိရသည်။
“ကြာပင်ကို ခဲယမ်းတွေချပြီး အဲဒီရွာကနေ ခဲယမ်းတွေလာပို့တာနဲ့ လာယူတဲ့ ပျူစစ်ကြောင်းနှစ်ကြောင်း ပါဗျ၊ ပျူရွာက အင်းရွာကိုလက်နက်ကြီး နဲ့ပစ်ခတ်ဝင်ရောက်ပြီး ပစ္စည်း တွေခိုးသွားတယ်၊ အင်းရွာထဲ ဝင်တဲ့အချိန်မှာတော့ ပြည်သူတွေထွက်ခွာနိုင်အောင်လို့ ကာပစ်ပစ်ရင်း တိုက်ပွဲဖြစ်ခဲ့တာရှိတယ်၊ ထိခိုက် မှုတော့ ရှိနို်ငပါတယ်၊ အတိအကျတော့ သတင်းမရဘူး၊ အခုတော့စစ်ခွေးတွေလည်း စခန်းထဲပြန် ဆုတ် သွားပြီ” ဟု Minkin PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အကြမ်းဖက် စစ်တပ်က အင်းရွာမှ ပြည်သူပိုင်ဖုန်း ၈ လုံး ဆိုင်ကယ် ၁ စီး ၊ ဆိုလာ ၁ ချပ် ၊ ရေစက် ၁ လုံး၊ ရွှေဆွဲ ကြိုး ၁ ကုံး ၊ လက်စွပ် ၁ ကွင်း ၊ နားကပ် ၂ စုံ ၊ ပိုက်ဆံ သိန်း ၂၀ ကျော်တို့ကို ခိုးယူသွားပြီး နွား ၁ ကောင် ၊ကျွဲ ၁ ကောင်၊ ဝက် ၁ ကောင် တို့ကို ပစ်သတ်ခဲ့ကြောင်း၊ လက်ရှိ အချိန်သည် စစ်ရေးအခြေနေများ ရှုပ်ထွေးနေပါသဖြင့် မိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြပါရန်နှင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြပါရန် အမှတ် ၁၁ တပ်ရင်း၊ မင်းကင်း PDF တပ်ဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။