အရာတော်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ဆက်တိုက် မီးတင်ရှို့နေ
ရန်ကုန်၊ ဇူလိုင် ၁၁
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ဆက်တိုက် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်က စတင်ကာ အကြမ်းဖက် စစ်တပ်က အရာတော်မြို့နယ်ရှိ မလဲသာ၊ ကန်ရင်း နှင့် ညောင်ပင် ရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
” ငကင်းရွာကို မီးရှို့ခဲ့တဲ့ စစ်ခွေး စစ်ကြောင်းက အနောက်မြောက် အတိုင်းတက်ပြီး အရာတော်မြို့နယ်ထဲက မလဲသာ၊ ကန်ရင်းနဲ့ ညောင်ပင် ရွာ ၃ ရွာ ကို ဒီမနက် မီးတင်ရှို့နေတယ်။ ပျက်ဆီးဆုံးရှုံးမှု အခြေအနေနဲ့ ပြည်သူတွေ ထိခိုက်မှုတော့ မသိရသေးဘူး။ အကုန်လုံး တစ်ကွဲတစ်ပြား ပြေးနေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်အစပ်မှ အရာတော်မြို့နယ်အတွင်း ဝင်ရောက် လာခြင်းဖြစ်ပြီး ဝက်လက်မြို့နယ်၊ သမရိုးရွာအနီးတွင် စျေးသည် ၇ ဦးကို သတ်ဖြတ်ခဲ့သော စစ်ကြောင်း ဖြစ်ကြောင်းသိရသည်။
ယင်းစစ်ကြောင်းသည် လက်ရှိချိန်တွင် သံဘိုတောရ ကျောင်း၌ တပ်စွဲထားကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။
Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာအားတွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)
