25 C
Yangon

ရခိုင်သို့ သွားရောက်၍ ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်ဘူးဟု အကြမ်းဖက်မင်းအောင်လှိုင် ပြောဆိုပြန်

Must read

ရခိုင်သို့ သွားရောက်၍ ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်ဘူးဟု အကြမ်းဖက်မင်းအောင်လှိုင် ပြောဆိုပြန်

ရန်ကုန်| ဇူလိုင် ၁၂

မြန်မာစစ်တပ်အနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် မည်သူတရားပျက်ပျက် ကိုယ်မပျက်သည့်စိတ်ဖြင့် ဆောင်ရွက်နေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် ရသေ့တောင်၊ ဘူးသီးတောင်မြို့သို့ သွားရောက်သည့် ခရီးစဉ်အတွင်း ဘူးသီးတောင်မြို့၌ ပြုလုပ်ခဲ့သော စစ်ကောင်စီလက်အောက်ခံ ဒေသဌာနဆိုင်ရာနှင့် တပ်နယ်အရာရှိစစ်သည်များတို့ဖြင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“နိုင်ငံအတွက် စိတ်ကောင်းစေတနာကောင်းဖြင့် ဆောင်ရွက်လျက်ရှိပြီး မည်သူတရားပျက်ပျက် ကိုယ်မပျက်သည့် စိတ်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း” ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောသည်။

နိုင်ငံ့တာဝန်ကို ယူပြီးနောက် ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများနှင့် ပိတ်ဆို့မှုများရှိပြီး ထိုသို့ နိုင်ငံရေးအခက်အခဲများ ကြုံတွေ့နေရ၍ မိုခါမုန်တိုင်း ကျရောက်ခဲ့သည့် ဒေသများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုအပ်ချက်များရှိနိုင်ကြောင်း အပြစ်လွှဲချထားသည်။

မုန်တိုင်းမတိုက်ခတ်မီအချိန်ကတည်းက စစ်ကောင်စီအနေဖြင့် ကြိုတင်ပြင်ဆင်များ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ရခိုင်ပြည်အတွင်း အသေအပျောက်အနည်းဆုံးဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြောင်း မင်းအောင်လှိုင်က မိမိကိုယ်ကို ချီးကျူးပြောဆိုခဲ့သည်။

ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ဒေသများတွင် စစ်သည်များ၊ သက်ဆိုင်ရာ ဌာနများနှင့် နိုင်ငံ့ဝန်ထမ်းအများအပြားက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေကြသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီ ပူးပေါင်းဆောင်ရွက်ကြရန် အကြမ်းဖက် မင်းအောင်လှိုင်က စည်းရုံးပြောဆိုခဲ့သည်။

“ဒေသခံပြည်သူများသည် မိမိတို့၏ တိုင်းရင်းသားများဖြစ်ပြီး တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်း အတူရှူနေကြသူများဖြစ်သဖြင့် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြင့် သူ့အကျိုးဆောင်၊ ကိုယ့်အကျိုးဆောင်ဖြင့် နေထိုင်သွားမည်ဆိုပါက ဒေသတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း” ဟု ပြောသည်။

သို့သော်လည်း မင်းအောင်လှိုင်သည် ဒီမိုကရေစီအစိုးရအား ဖြုတ်ချကာ နိုင်ငံတော်အာဏာကို အတင်းသိမ်းယူခဲ့သူဖြစ်ပြီး တစ်နိုင်ငံလုံးတွင် လက်နက်အားကိုးကာ နည်းလမ်းပေါင်းစုံဖြင့် လူသတ်နေသော်လည်း တရားမပျက်ဟု ပြောဆိုခြင်းသည် စိတ်ပျက်စရာ ကောင်းကြောင်း ဝေဖန်သူများ ရှိနေကြသည်။

မုန်တိုင်းဒဏ်ကို အသက်လုကာ ဖြတ်ကျော်ခဲ့ရသည့် ရခိုင်ပြည်သူများအား ကူညီကြမည့် ယူအန်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအား ခရီးသွားလာခွင့်နှင့် ကူညီရေးလုပ်ငန်းများအား ပိတ်ပင်ထားပြီး ယခု ရခိုင်ပြည်သူများအား ချစ်ဟန်ဆောင် လုပ်ပြ ပြောဆိုနေခြင်းဟု ဒေသခံများက ပြောဆိုကြသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှ ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတို့ နှစ်ဖက် နားလည်မှုဖြင့် အပစ်ခတ်ရပ်လိုက်ပြီးနောက် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်သည် ရခိုင်ပြည်သို့ အကြိမ်ကြိမ် ရောက်လာခဲ့သူဖြစ်ပြီး ယခုတစ်ကြိမ်မှာ စစ်တွေအပြင် ရသေ့တောင်၊ ဘူးသီးတောင် ဖက်သို့ သွားရောက်ခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီ၏ လက်ချက်ဖြင့် သေဆုံးခဲ့သူ စုစုပေါင်းမှာ ၃၇၇၀ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ဇူလိုင် ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၃၇၈၄ ဦးရှိပြီး ထိုအထဲမှ ၁၉၄၁၃ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၆၇၀၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ဦး အပါအဝင် ၁၂၂ ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။

ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၈ ဦး ရှိပြီ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ ၄၃၇၁ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင် ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article