ကော့ကရိတ်နှင့် ကျုံဒိုး မြို့နယ်တို့ရှိ စစ်တပ်၏ ၉၇ တပ်ရင်း နှင့် ၅၄၆ တပ်ရင်း တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၁၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ တပ်ရင်း ၉၇ နှင့် ကျုံဒိုးမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ တပ်ရင်း ၅၄၆ တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။
ဇူလိုင်လ ၉ ရက် နေ့က ကော့ကရိတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ၉၇ အတွင်းသို့ ကျားဖြူစစ်ကြောင်းရုံးအဖွဲ့နှင့် ကျားဖြူတပ်ခွဲ-၄ တို့ ပူးပေါင်းပြီး လက်နက်ကြီး ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ၊ အလားတူ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျုံဒိုးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ရင်း ၅၄၆ အတွင်းထဲသို့ ကျားဖြူစစ်ကြောင်း တပ်ခွဲ- ၃ မှ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တစုံတရာထိခိုက်မှုမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
ကျားဖြူစစ်ကြောင်းသည် မဟာမိတ်တပ်ပေါင်းစုများနှင့် ပူးပေါင်းကာ အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ မတရားဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး၊ တိုင်းရင်းသားအားလုံးတန်းတူအခွင့်အရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး စသည့် ရည်မှန်းချက်များဖြင့် ဆက်လက်တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။