ပခုက္ကူ၊ ဖလံအိုစံပြရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀ ကျော် ပြာကျ၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်
ရန်ကုန်၊ ဇူလိုင် ၁၃
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုစံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင် နေအိမ် ၃၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
ဇူလိုင် ၁၂ ရက်နေ့တွင် ဖလံအိုစံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၃၀ ကျော်ပြာကျခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ဦးခေါင်း ကျည်ထိခဲ့ကြောင်းသိရသည်။
“စစ်ခွေးတွေ အပြစ်မဲ့ ပြည်သူတွေရဲ့ အိမ်တွေကို ပစ္စည်းတွေ ခိုးယူပြီး မီးရှို့သွားပါတယ်။ အကြောင်းမဲ့ ဝင်ရှို့တာပါ။ မိန်းကလေးတစ်ယောက် ဦးခေါင်း ကျည်ထိမှန်တယ်။ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၃၀ ကျော်ပြာခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဖလံအိုစံပြကျေးရွာကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့သော စစ်ကြောင်းသည် ဇီးကုန်းရွာ၊ ရှင်မကန်ရွာ၊ မန်ကျည်းကန်ရွာနှင့် အောင်သာကျေးရွာတို့မှ စစ်သားများနှင့် ပျူစောထီးများ ပါဝင်သော စစ်ကြောင်း ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖလံအိုစံပြကျေးရွာကို အကြောင်းမဲ့ ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် ဆိတ်နှင့် နွားများကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။