စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒဏ်ခံစားနေရသည့် မြေပြင်ပြည်သူများကို ကူညီ၊ ကယ်တင်ရန် ‘စစ်ကိုင်းဖိုရမ် စစ်ကိုင်းပြည်သူ့ဖေးမကူကွန်ရက်’ ဖွဲ့စည်း
ရန်ကုန်၊ ဇူလိုင် ၁၃
စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ စစ်ကိုင်းဒေသအတွင်း စစ်ဘေးဒဏ်ခံစားနေရသည့် ဒေသပြည်သူများကို ကူညီ၊ ကယ်တင်နိုင်ရန် စစ်ကိုင်းဖိုရမ် စစ်ကိုင်းပြည်သူ့ဖေးမကူ ကွန်ရက်” ကို ဖွဲ့စည်းလိုက်ကြောင်း စစ်ကိုင်းဖိုရမ်၏ ပြောခွင့်ရပုဂ္ဂိုလ် ကိုစိုးဝင်းဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့များ စုစည်း၍ ပိုမိုထိရောက်သည့် လူသား ချင်းစာနာကူညီနိုင်ရေးဆွေးနွေးမှုကို ပထမအကြိမ်စစ်ကိုင်းဖိုရမ်တွင် ထည့် သွင်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း စစ်ကိုင်းတိုင်း အတွင်းမှ စစ်ရှောင်ကူအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၍ ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ကွန်ရက်အနေနဲ့အဖွဲ့ဝင် ၁၅ ဦးပါတဲ့လုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်းထားပါပြီ။ အဲဒီအဖွဲ့က ဦးဆောင် Run မှာပါ။ ဖက်စစ်တပ်ကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ် ဝိုက်၍ဖြစ်စေ ထိခိုက်ရတဲ့ပြည်သူအားလုံးကို တတ်စွမ်းသရွေ့ကူဖို့ ရည်ရွယ်ပါတယ်။ တဖက်ကပြင်ဆင်ရင်း အခုလည်း စကူနေပါပြီ။ ဒါပေမယ့် အရှိန်တော့မရသေးဘူးပေါ့ဗျာ။ အဓိကက စစ်ကိုင်းတိုင်းမှာ ပြည်သူ ထိခိုက်မှု စာရင်းတွေနဲ့ပတ်သက်လို့ reliable channel တစ်ခုဖြစ်လာအောင် တည် ဆောက် ချင်တာ။ ဒါမှ international aidတွေ စီးဆင်းလာမယ်လို့ မျှော်လင့် ပါတယ်” ဟု စစ်ကိုင်းဖိုရမ် ပြောခွင့်ရ ကိုစိုးဝင်းဆွေက ရှင်းပြသည်။
စစ်ကိုင်းတိုင်း အတွင်းရှိ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ ၂၇ ဖွဲ့ကို တွေ့ဆုံဆွေးနွေးပေါင်းစပ်ညှိနှိုင်း၍ မူဝါဒများချမှတ်ကာ “ စစ်ကိုင်းဖိုရမ် စစ်ကိုင်းပြည်သူ့ဖေးမကူ ကွန်ရက်”ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားမှုရေးရာဌာနနှင့်ပါ ချိတ်ဆက်၍ စစ်ရှောင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့များ တွင် ၂ ရက်တိုင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသတွင်း တော်လှန်ရေး အဖွဲ့များ၊ နိုင်ငံ ရေး တက်ကြွလှုပ်ရှားသူများ၊ သပိတ်ကော်မတီများ၊ လူမှုရေးအဖွဲ့ အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။