အူမကြီးကင်ဆာရောဂါကြောင့် အကြမ်းဖက် မင်းအောင်လှိုင်၏ လူယုံ ပြည် ထဲရေးဝန်ကြီး စိုးထွဋ် တာဝန် မထမ်းဆောင်နိုင်တော့ဘဲ ဆေးကုသမှု အဓိက ခံယူနေရ
By ရန်ကုန်ခေတ်သစ်
အူမကြီး ကင်ဆာရောဂါ ခံစားနေရသည့် အကြမ်းဖက် မင်းအောင်လှိုင်၏ လက်စွဲ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် တာဝန်မထမ်းဆောင်နိုင်တော့ဘဲ ဆေးကုသမှု အဓိက ခံယူနေရကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယခုနှစ် ဧပြီလဆန်းပိုင်းမှစတင်၍ အူမကြီး ကင်ဆာ ခံစားနေရကြောင်း စစ်ဆေးသိရှိရပြီးနောက် ဆေးကုသမှု ခံယူမှုများ တောက်လျှောက် လုပ်ဆောင်လျက်ရှိရာ ယခုအခါတွင်လည်း ဆေးကုသမှုများကြောင့် စိုးထွဋ်မှာ ရုံးတက်နိုင်ခြင်း၊ အကြမ်းဖက် မင်းအောင်လှိုင်၏ ခရီးစဉ်များတွင် လိုက်ပါနိုင်ခြင်း မရှိကြောင်း၊ ၎င်းတာဝန်များကို ပြည်ထဲရေး ဒုဝန်ကြီးများနှင့် စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ရဲဝင်းဦးထံသို့ လွှဲပြောင်းထားရကြောင်း သိရှိရသည်။
“ရုံးလည်း ပုံမှန် မတက်နိုင်ဘူး။ သူ့စိတ်အခြေအနေအရ ရုံးလာတက်ချင်တဲ့အခါလည်း တက်တယ်။ တပ်ချုပ် ရခိုင်ခရီးစဉ်မှာလည်း သူမလိုက်နိုင်ဘူး။ ဆေးကုသမှု လုပ်နေတယ်လို့ သိရတယ်။ ဓာတ်ကင်တာ၊ ကီမိုသွင်းတာတွေ လုပ်နေတယ်လို့ သိရတယ်။ အူမကြီးအတွက်လည်း ခွဲစိတ်တာတွေ လုပ်ထားတယ်လို့ သိရပါတယ်” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောသည်။
လက်ရှိ ကင်ဆာရောဂါ အခြေအနေ ပိုမိုပြင်းထန်လာပါက ပြည်ထဲရေးဝန်ကြီး စိုးထွဋ် နေရာ အပြောင်းအလဲ ဖြစ်နိုင်ဖွယ်ရှိပြီး လက်ရှိ စစ်ကောင်စီ တွဲဖက်အတွင်းရေးမှူး ရဲဝင်းဦးကို အစားထိုး ခန့်အပ်ဖွယ်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနအတွင်း သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရသည်။
အကြမ်းဖက်မင်းအောင်လှိုင်၏ လူယုံ လက်စွဲ ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တွင် အူမကြီးကင်ဆာ စစ်ဆေးတွေ့ရှိရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ဧပြီလ ၄ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။
ဝမ်းနှင့်သက်ဆိုင်ရာ ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားရသည့်အတွက် ကျန်း မာ ရေး စစ်ဆေးမှုခံယူရာမှ အူမကြီးကင်ဆာ ဖြစ်ပွားကြောင်း၊ ဧပြီလ ၃ ရက်နေ့ ရုရှား-မြန်မာ ဘွဲ့ အပြန်အလှန်ပေးသည့် အခမ်းအနားတွင် ရုရှားကာကွယ် ရေးဒုဝန် ကြီးကို မင်းအောင်လှိုင်က သီရိပျံချီဘွဲ့ ပေးအပ်ခဲ့ ကြောင်း၊ ဘွဲ့ပေးဆုချီးမြှင့် သည့် အမိန့်ကို ဒုဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီး စိုးထွဋ် ကိုယ်စား ဒုဝန် ကြီး တိုးရီက အမိန့် ပြန်စာ ဖတ်ပေးခဲ့ရကြောင်း ၊ အဆိုပါ ပွဲ သည် စိုးထွဋ် မဖြစ် မနေ တက်ရောက် ဆုချီးမြှင့် ပေးအပ်နိုင် ရေး အမိန့်ဖတ် ပေး ရမည့် ပွဲဖြစ် သော်လည်း မတက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။
စိုးထွဋ်သည် အာဏာသိမ်းမှုအတွင်း မိသားစုများစွာ၊ ပြည်သူများစွာကို ပစ်ခတ် သတ်ဖြတ်ခဲ့သူဖြစ်ပြီး စစ်ရာဇတ်မှု ကျူးလွန်သော အာဏာသိမ်း စစ်ခေါင်း ဆောင်များအနက်မှ အဓိက စစ်ရာဇဝတ်မှု တရားခံ စစ်ဗိုလ်ချုပ်တစ်ဦးလည်းဖြစ်သည်။
စိုးထွဋ် နှင့် ဇနီး နီလာစိန်တွင် သား ၃ ဦးရှိပြီး ၎င်း၏ သားများက စိုးထွဋ်၏ လက်အောက်ရှိ ဝန်ထမ်းများနှင့် ရဲများကို ပါး ရိုက်ခြင်း၊ ကိုယ်ရေး ကိုယ်တာ ကိစ္စ များ အတွက် ခိုင်းစေခြင်း စသည့် ဝန်ထမ်းနှင့်မသက်ဆိုင်သော ခိုင်းစေ ညှဉ်းပန်းနှိပ်စက်ခြင်းများ တောက်လျှောက်ဆိုသလို ဆောင်ရွက်နေသူများ ဖြစ်ကြသည်ဟု စုံစမ်းသိရှိရသည်။
၁၉၆၀ ခုနှစ်တွင် မွေးဖွားသော စိုးထွဋ်သည် ၎င်း၏ ဇနီးနှင့်အတူ နေထိုင် လျက်ရှိပြီး လက်ရှိ အသက် ၆၃ နှစ်နီးပါးရှိနေပြီဖြစ်သည်။ စိုးထွဋ်သည် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်ထဲရေးဝန်ကြီးအဖြစ် အကြမ်းဖက် မင်းအောင်လှိုင်က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။