ပုလောတွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးနေသူ ၁ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး၊ ငွေကျပ်သိန်း ၃၀၀ ကျော်၊ ရွှေထည်ပစ္စည်းများနှင့် WY ဆေးပြား ၆၀၀၀၀ ကျော် သိမ်းဆည်းရမိ
ရန်ကုန်၊ ဇူလိုင် ၁၄
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးနေသူ ၁ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း Palaw People’s Defence Force တပ်ဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းက လက္ကူးကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ် ဖြန့်ဖြူးနေသည့် အသက် ၃၈ နှစ်အရွယ် ဦးကျော်အေးကို အား နေအိမ်၌ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီး ရမိသည့် ဦးကျော်အေးထံမှ ငွေကျပ် သိန်း ၃၆,၂၆၈,၀၀၀ ၊ WY ဆေးလုံး ၆၄,၉၃၅ ပြား၊ ဘုံ (ဆက်စပ်) ၁ လုံး၊ မီးခြစ် ၂ လုံး၊ ခဲပြား ၁ လိပ်၊ နားစွဲ ၃ စုံ ၁ ခြမ်း၊ ဟန်းချိန်း ၁ ပင်၊ လက်ကောက် ၅ ကွင်း၊ လက်စွပ် ၃ ကွင်း၊ ဆွဲကြိုး ၃ ပင် နှင့် လော့ကပ် ၂ ခု တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေသည့် ဦးကျော်အေးနှင့်အတူ သိမ်းဆည်းရရှိမိသည့် ပစ္စည်းများကို ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံအပ်နှံ၍ ဥပဒေနှင့်အညီ အရေးယူမှုများ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း Palaw People’s Defence Force က ထုတ်ပြန်ထားသည်။