တပ်မဟာ ၅ နယ်မြေ၌ ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၄၆ ဦး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၄
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ဟာ ၅ နယ်မြေအတွင်း ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၄၆ ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော်သတင်းစဥ်က ထုတ်ပြန်ထားသည်။
တပ်မဟာ ၅ နယ်မြေတွင် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၇၀ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၄၆ ဦး သေကာ ၄၆ ဦး ဒဏ်ရဦရရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်၏ စစ်သုံး မြည်း ၃၅ ကောင် သေဆုံး၍ ၁ ကောင် ဒဏ်ရာရရှိခဲ့ပြီး ကား ၁ စီးနှင့် ဆိုင်ကယ် ၁ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဘက်မှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူပိုင် လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်အတွင်းကို လက်နက်ကြီး ၇ လုံး ကျရောက်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အကြမ်းဖက် စစ်တပ်၏ တိုက်လေယာဉ် ၂ စီးဖြင့် လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု၊ ဒေဘိုးနိုဒေသ၊ ထော်ထီးပယ်ခိုရွာအတွင်းသို့ ဗုံး ၂ လုံးလာရောက် ကျဲချခဲ့ပြီး စာသင်ကျောင်းအဆောက်အအုံ ၃ လုံးနှင့် ခန်းမဆောင် ၁ လုံး ပျက်စီးခဲ့ပြီး ရွာသား ၁ ဦး၏ နေအိမ်လည်း ပျက်စီးခဲ့ကြောင်း၊ ဇွန်လ ၂၈ ရက်နေ့ ညနေ ၄ နာရီတွင်လည်း အကြမ်းဖက်စစ်တပ်က ကော်လူဒဲ ကျေးရွာအုပ်စု၊ မီပယ်ထာ့ကျေးရွာအနီးရှိ လယ်ယာနှင့် တောင်ယာလုပ်ငန်းခွင်အတွင်းသို့ တိုက်လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲချမှုပြုလုပ်ခဲ့သေးကြောင်းလည်း ကေအဲန်ယူ-မူတြော်သတင်းစဥ်က ထုတ်ပြန်ထားသည်။