29.2 C
Yangon

ဆောမြို့နယ်၊ ရင်းကဲရွာကို စစ်တပ်က ပစ်ခတ်မီးရှို့မှု ရွာလုံးကျွတ် နီးပါး မီးလောင် ပြာကျ၊ စစ်ဘေးရှောင်ကလေးတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးပြီး ပြည်သူ ၁၀၀၀ ကျော်စစ်ဘေးရှောင်ရ

Must read

ဆောမြို့နယ်၊ ရင်းကဲရွာကို စစ်တပ်က ပစ်ခတ်မီးရှို့မှု ရွာလုံးကျွတ် နီးပါး မီးလောင် ပြာကျ၊ စစ်ဘေးရှောင်ကလေးတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးပြီး ပြည်သူ ၁၀၀၀ ကျော်စစ်ဘေးရှောင်ရ

ရန်ကုန်၊ ဇူလိုင် ၁၅

မကွေးတိုင်း၊ ဆောမြို့နယ်၊ ရင်းကဲကျေးရွာကို စစ်တပ်က လက်နက်ကြီးများ၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ်မီးရှို့မှု ကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်သွားပြီး အသက် ၁၂ နှစ်အရွယ် စစ်ဘေးရှောင် ကလေး ၁ ဦးမှာလည်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် ဒေသသတင်းရင်းမြစ် ယောအလင်းတန်း၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ဘက်သို့ ရိက္ခာနှင့်လက်နက်ခဲယမ်း များပေးပို့ရန် ချီတက်လာသော စစ်ကောင်စီယာဉ်တန်း ကို ဒေသတော်လှန်ရေးတပ်များက ရင်းကဲကျေးရွာအနီးတွင် တိုက်ခိုက်ကြကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကို အကြမ်းဖက်စစ်တပ်က လက်တုံ့ပြန်သည့်အနေဖြင့် ဆောမြို့နယ်၊ ရင်းကဲကျေးရွာကို လက်နက်ကြီးများ၊ မီးလောင်ဗုံးများဖြင့် ပစ်ခတ် မီးရှို့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ထိမှန်၍ ကလေး ၁ ဦး သေဆုံးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ရင်းကဲကျေးရွာက မကွေးဆော- ကနေ ချင်းပြည်နယ်ဘက်ကို တက်တဲ့ ကားလမ်းဘေး မလှမ်းမကမ်းမှာရှိနေတဲ့ ရွာလို့ ပြောရမယ်။ အိမ်ခြေ ၃၂၀ လောက်ရှိတယ်။ အဲဒါ စစ်တပ်ယာဉ်တန်းနဲ့ တိုက်ပွဲဖြစ်ပွားပြီးတော့ စစ်တပ်က ကားတွေရပ်ပြီး ရွာကို လက်နက် ကြီးတွေနဲ့ပစ်ခတ် မီးရှို့တာပဲ။ ပြည်သူတွေကတော့ ၀ရုန်းသုန်းကား ပြေးရတာ။ အဲဒီမှာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ လက်နက်ကြီးကျည်ထိတယ်။ ကလေး ၁ ဦးဆုံးပါတယ်။ စစ်ယာဉ်တန်းကတော့ ရှေ့ကို အရမ်းကြီး မသွားနိုင်ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်၏ မီးရှို့မှုကြောင့် ဆောမြို့နယ်၊ ရင်းကဲကျေးရွာရှိ အိမ်ခြေ ၃၀၀ ကျော်ပြာကျသွားပြီး ဒေသပြည်သူများမှာလည်း ထပ်မံ လက်နက်ကြီးများ လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ စစ်ယာဉ်တန်း ဖြတ်သန်းရာ တစ်လျှောက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း ဒေသပြည်သူတချို့၏ အဆိုအရ သိရှိရသည်။

“ရင်းကဲကျေးရွာမှာ ပြည်သူ ၁၀၀၀ ကျော်ကတော့ စစ်ဘေးရှောင်နေရတယ်။ အိမ်တွေပါသွားတော့ ဆုံးရှုံးမှုများတယ်။ လိုအပ်ချက်တွေလည်းများနိုင်တယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသသည်။

ဓာတ်ပုံ- ရင်းကဲကျေးရွာ မီးလောင်မှုမြင်ကွင်း။

Photo Credit- ယောအလင်းတန်းနှင့် ဒေသပြည်သူတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article