မြင်းခြံမြို့တွင် ညောင်ဦး PDF ထောက်ပို့ ၁ ဦးနှင့်မိခင်ကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်ကို ဝင်ရောက်စီးနင်းရာမှ သေနတ် ၇ လက်၊ လက်ပစ်ဗုံးနှင့် ခဲယမ်းများ အသိမ်းခံလိုက်ရ
■ စစ်တပ်လော်ဘီများက PDF ၇ ဦး ကို ပစ်သတ်၍ လက်နက် ၇ လက်၊ ခဲယမ်း များ ရရှိသည်ဟု သတင်းအမှား ဝါဒဖြန့်ချိ
ရန်ကုန်၊ ဇူလိုင် ၁၅
မန္တလေးတိုင်း၊ ညောင်ဦးမြို့မှ မြင်းခြံမြို့သို့ ရောက်ရှိနေသည့် ညောင်ဦး PDF ထောက်ပို့နှင့် မိခင်ဖြစ်သူတို့ကို စစ် တပ်က ဖမ်းဆီးပြီး ညောင်ဦးရှိ နေအိမ်ကို ဝင်ရောက်စီးနင်းရာမှ သေနတ် ၇ လက်နှင့် ခဲယမ်းများ အသိမ်းခံလိုက်ရကြောင်း ရဲကြေးနန်း သတင်းအရ သိရှိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့ ညောင်ဦး PDF ထောက်ပို့ မနီ (နာမည်အရင်းမဟုတ်ပါ) သည် မြင်းခြံမြို့အတွင်းသို့ ရောက်ရှိနေပြီး မနီသည် OK ယာဉ်လိုင်းဖြင့် မြင်းခြံမှ ရန်ကုန်သို့ ခရီးသွားရန် ရှိနေသည်ဆိုသော သတင်းကို စစ်တပ်က ကြိုတင်ရရှိ ခဲ့ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီတပ်၏ စရတ(လပခ)မှ တပ်ကြပ်ကြီး စိုးမင်းအေး ဦးစီးသော တပ်ဖွဲ့ဝင် ၂ ဦးသည် မြင်းခြံမြို့၊ အမှတ် ၁၃ ရပ်ကွက် ကားကြီးကွင်းတွင် မြင်းခြံမှရန်ကုန်သို့ထွက်ခွာမည့် ခရီးသည် မှတ်တမ်းများကို စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် ခရီးသည်အမည်နေရာတွင် ညောင်ဦး PDF ထောက်ပို့ မနီ၏ အမည်ကို တွေ့ရှိခဲ့ ကြောင်း သိရှိရသည်။
ထို့ကြောင့် စစ်ကောင်စီတပ် စဗဟ (၁)မှ ဗိုလ်ကြီး အောင်မျိုး ဦးစီးသော အင် အား ၅ ဦးပါ အဖွဲ့ ၊ စရတ (လပခ)မှ တပ်ကြပ်ကြီး စိုးမင်းအေး ဦးစီးသော တပ် ဖွဲ့ ဝင် ၂ ဦးတို့က နဘူးအိုင်စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်း၍ ည ၆ နာရီအချိန် မြင်းခြံကားကြီးကွင်းမှ ထွက်ခွာလာသော“OK” ခရီးသည်မှန်လုံယာဉ်အမှတ် 4Q/4988 ယာဉ်ကို စောင့်ကြိုစစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးရာ တွင် ညောင်ဦး PDF ထောက်ပို့ မနီနှင့် မိခင်တို့ကို ဖမ်းဆီးရမိကြောင်း သိရှိရသည်။
ယင်းနောက် မနီနှင့် မိခင်တို့ကို ခမရ ၁၅ သို့ ခေါ်ဆောင် ချုပ်နှောင်ပြီး စစ်တပ်က စစ်ကြောရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ညောင်ဦးရှိ မနီနေအိမ်ကို စရဖ (လေ)-၃၊ ညောင်ဦးတပ်ဖွဲ့က ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီအချိန် သွားရောက် စီးနင်းရှာဖွေရာ M-22 ၇ လက်နှင့် ကျည်အိမ် ၂၀ ခု၊ ကျည်ဆန်များ၊ လက်ပစ်ဗုံး ၉ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ညောင်ဦး PDF မနီနှင့်မိခင်တို့ကို ချိတ်ဆက်ထားသူများကို ဆက်လက် ရှာဖွေနေကြောင်း ရဲကြေးနန်း သတင်းအရ သိရှိရသည်။
ရဲကြေးနန်းသတင်းများအရ လက်နက် ၇ လက်နှင့် ခဲယမ်းများကို ညောင်ဦး PDF ထောက်ပို့မနီကို ဖမ်းဆီးစစ်ဆေးရာမှ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း၊ စစ်တပ်လော်ဘီများက ပုဂံပြည်ဘီလူး PDF စခန်းကို စီးနင်း၍ တော်လှန်ရေးရဲဘော် ၇ ဦး သေဆုံးရာမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု ဝါဒဖြန့်လျက်ရှိကြောင်း သိရှိရသည်။


