ကန်ပက်လက်မြို့တွင် တပ်စွဲထားသည့် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ၊ ရေဖြူတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၅
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက် စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Nyaung Young Fortress အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကန်ပက်လက်မြို့၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးသီးများနှင့် တိုက်ခိုက်ခဲ့ပြီး ညနေ ၃ နာရီအချိန်ခန့်တွင် လက်နက်ငယ်များဖြင့် ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေး အဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ နာရီဝက်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ကျည်မလုံလောက်မှုကြောင့် တော်လှန်ရေးအဖွဲ့များဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ရကာ ဒရုန်း ၁စီး ပျက်ကျ ဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။
“မြို့တွင်းက သတင်းပေးတာတော့ သူတို့ဖက်က ထိခိုက်မှုများတယ်၊အတိအကျ သတင်းတော့ မရသေးဘူးဗျ”ဟု Nyaung Young Fortress အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ညောင်ဦးခရိုင်ရင်း၂(ညောင်ရမ်း)နှင့်တူမီးတပ်ရင်း CDF ကန်ပက်လက်တို့ အတူပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ တိုက်ပွဲအတွင်း အထိအခိုက် အကျအဆုံးမရှိကြောင်း Nyaung Young Fortress အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Dawei Defense Team – DDT တပ်ဖွဲ့က ထုတ်ပြန်သည်။
ဇူလိုင်လ ၁၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်က ရေဖြူမြို့နယ်၊မခရ ၄၀၆ /၄၀၇ တပ်ရင်းဘက်မှ ရှမ်းလမ်း အတိုင်း ရန်ကင်းတံတားကိုဖြတ်၍ နဘုလယ်ဒေသ ရေနက်ဆိပ်ကမ်းဘက်သို့ ထွက်ခွာလာသော အ ကြမ်းဖက်စစ်ကောင်စီကား ၇ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် ကားတစ်စီး လမ်းဘေးထိုးကျသွားကာ အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းသေဆုံးကာ ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Dawei Defense Team – DDT တပ်ခွဲ ၃ ၊ ထားဝယ် ပကဖ နှင့် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ ဝေဟင်)၊ ပကဖ KBDF ၊ ထားဝယ်ခရိုင် တပ်ရင်း ၁ ၊ နွေဦးပျောက် ကျားတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။