ဘီးလင်းမြို့နယ်၊ ကျုံအိပ်တံတား၌ ကင်းစောင့်နေသော စစ်သားများနှင့် ကင်းပုန်းတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၁၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ကျုံအိပ်တံတား၌ ကင်းစောင့်နေသော စစ်သားများနှင့် ကင်းပုန်းတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ဇူလိုင်လ ၁၆ ရက် နံနက် ၆ နာရီခန့်က ဘီးလင်းမြို့နယ်၊ ဒေါက်ရက် ကျေးရွာအတွင်း၌ အင်အား ၂၀ ခန့်ဖြင့် ကင်းပုန်း ဝပ်နေသော အကြမ်းဖက်စစ်သားများကို လက်နက်ကြီးများဖြင့် သွားရောက် ပစ် ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေ ဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။
“အင်အား ၁၅ ကောင်နဲ့ ၂၀ ကြား ကင်းပုန်းဝပ်နေတယ်လို့ သတင်းရလို့ ကျနော်တို့က လက်နက်ကြီးနဲ့ သွားပစ်ခဲ့တာဗျ၊ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေတုန်းပဲ၊ စစ်ခွေးတွေဘက်ကတော့ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာရှိတယ်၊ ကျနော်တို့ ရဲဘော်တွေအားလုံးအထိအခိုက်မရှိခဲ့ပါဘူး၊” ဟု တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့လည်ပိုင်းကလည်း ကျုံအိပ်တံတားကို ပြင်ဆင်နေသော အဖွဲ့ကို လုံခြုံ ရေးယူပေးနေသည့် အကြမ်းဖက်စစ်သားများကို ၇၉ မမ ဗုံးသီး ၄ လုံးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊ ရန်ကုန်-မော်လမြိုင်လမ်းတလျှောက်၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်နေသဖြင့် ခရီးသွားမိဘ ပြည်သူများအနေဖြင့် အထူးဂရုစိုက်သွားလာကြပါရန် တောကျီးကန်းစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။
အဆိုပါ အကြမ်းဖက်စစ်သားများကို တောကျီးကန်းစစ်ကြောင်း နှင့် KNLA ပူးပေါင်းအဖွဲ့ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။