24 C
Yangon

နေပြည်တော်ကို တိုက်ခိုက်မည်ဟု ကြေညာလာခြင်းကြောင့် စစ်ရုံးအပါအဝင် ဝန်ကြီးဌာနရုံးများ၊ အမြန်လမ်း အဝင်အထွက်များတွင် လုံခြုံရေး ပိုမိုတိုးမြှင့်

Must read

နေပြည်တော်ကို တိုက်ခိုက်မည်ဟု ကြေညာလာခြင်းကြောင့် စစ်ရုံးအပါအဝင် ဝန်ကြီးဌာနရုံးများ၊ အမြန်လမ်း အဝင်အထွက်များတွင် လုံခြုံရေး ပိုမိုတိုးမြှင့်

ရန်ကုန်၊ ဇူလိုင် ၁၇

စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်ကို တိုက်ခိုက်မည်ဟု NUG နှင့် တော်လှန်ရေးတပ်များဘက်က တရားဝင် ထုတ်ဖော်ပြောဆို ကြေညာလာခြင်းကြောင့် စစ်ရုံးအပါအဝင် နေပြည်တော်စစ်ကောင်စီဝန်ကြီးဌာနများ၊ အဝင် အထွက်များအားလုံးတွင် လုံခြုံရေး ပိုမိုတိုးမြှင့်လာကြောင်း နေပြည်တော်ဝန်ထမ်းများနှင့် ပြည်သူများထံမှ သိရှိရသည်။

ကရင်နီအခြေစိုက် KNDF တပ်ဖွဲ့ ဥက္ကဋ္ဌ ခွန်ဘီတူး၊ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က နေပြည်တော်ကို ပစ်မှတ်တိုက်ခိုက်မည်ဟု သတင်းမီဒီယာများမှတစ်ဆင့် ပြောဆိုလာခြင်းကြောင့် စစ်ကောင်စီက နေပြည်တော်တစ်ဝန်းတွင် လုံခြုံရေးများ ပိုမိုတိုးမြှင့်လာခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ် တချို့ထံမှ သိရှိရသည်။

နေပြည်တော်အတွင်းတွင် စစ်ရုံးနှင့်ဝန်ကြီးဌာနရုံးများတွင် သဲအိတ်ဘန်ကာများ၊ သံဆူးကြိုးဘယ်ရီများကို ယခင်ထက်ပိုမိုချလာသည်ကို မြင်ရပြီး ကင်းပုန်းများဝပ်ခြင်း၊ စစ်ကားနှင့် ရဲကားများ နေ့ညမပြတ် ကင်းလှည့်နေမှုများ မြင်တွေ့ရကြောင်း၊ ယခုရက်ပိုင်းအတွင်း လုံခြုံရေး ပိုမိုများပြားလာကြောင်း နေပြည်တော်ဒေသပြည်သူတချို့က ဆိုကြသည်။

“နေပြည်တော် လမ်းသစ် လမ်းဟောင်း တွေမှာ ဂိတ်စခန်းတွေတိုးလာတယ်။ လုံခြုံရေး တိုးမြှင့်ထားတယ်။ အထူးသဖြင့် ဘန်ကာတွေလည်း တိုးလာတယ်။ လမ်းတွေဆိုရင် စစ်ရုံးနဲ့ ဝန်ကြီး ဌာနရုံးဘက်တွေမှာ ရုံးပတ်ဝန်းကျင် ဝင်လို့မရအောင် ပိတ်ဆို့ထားတယ်။ စစ်ရုံးနဲ့ ဝန်ကြီးဌာနရုံးတွေဘက်သွားမယ်ဆိုရင် စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီးမှ သွားလို့ရတယ်။ ဒီရက်ပိုင်းအတွင်းတော့ လုံခြုံရေးတွေ ပိုများလာတယ်။‌ နေပြည်တော်ရဲ့ နေရာတိုင်းမှာကို တွေ့နေရတာ” ဟု နေပြည်တော်၊ ဝန်ထမ်းတစ်ဦးက ဆိုသည်။

နေပြည်တော်အတွင်းတွင်သာမက နေပြည်တော်သို့ ဝင်ရောက်နိုင်သည့် ရန်ကုန်-နေပြည်တော် အမြန်လမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကရင်နီဘက်မှ ဝင်ရောက်နိုင်သော လမ်းများတွင်လည်း စစ်တပ်ဂိတ်များ တိုးချဲ့ပြီး ၂၄ နာရီ အမြဲမပြတ် လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ရန်ကုန်မှ နေပြည်တော်သို့ သွားသည့် အမြန်လမ်း ဇီးရိုးမိုင်ဂိတ်တွင် ကားတစ်စီးချင်းစီ အလိုက် သေချာစွာ စစ်ဆေးနေပြီး ယာဉ်ကြောပိတ်ဆို့မှုများပင်ဖြစ်ပေါ်ခဲ့ကြောင်း၊ လက်နက်တွေ့ရှိသည်ဟုဆိုကာ Taxi ယာဉ်တစ်စီးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“မနေ့ ဇီးရိုးမိုင်မှာ လာသမျှကားတွေကို အကုန် တားဆီးစစ်ဆေးနေလို့ ယာဥ်ကြောတွေတောင် ပိတ်ဆို့ကုန်တယ်။ .ခရီးသည်တင်ကားတွေပေါ်က ခရီးသည်တွေအားလုံး ကားပေါ်ကနေ ဆင်းပြီး အစစ်ဆေးခံရတယ်။ စစ်ဆေးခံရတာ ကြာတာတဲ့အပြင် ကားတစ်စီးချင်းစီ၊ လူတစ်ဦးချင်းစီကို သေချာစစ်နေတဲ့အတွက် အချိန်ကြာပြီး ယာဉ်ကြောပိတ်ဆို့တယ်။ နောက်တစ်ခါ အမြန်လမ်းဇီးရိုးမိုင်မှာပဲ Taxi တစ်စီးပေါ်မှာ လက်နက်ခဲယမ်းတွေ့တယ်ဆိုပြီး ယာဉ်ပေါ်ပါ လူတွေကို စစ်တပ်ကရိုက်နှက် ဖမ်းဆီးသွားတယ်” ဟု မျက်မြင်ကြုံတွေ့ခဲ့ရသူ ခရီးသည်တစ်ဦးက ဆိုသည်။

ဓာတ်ပုံ- နေပြည်တော်တွင် ကားများကို အကြမ်းဖက်စစ်တပ်က စစ်ဆေးနေသည့် မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်။)

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article