26 C
Yangon

မင်းအောင်လှိုင်၏ ပြည်ပ ခရီးစဉ်များအတွက် အဓိက ပံ့ပိုးကူညီနေသော MAI လေကြောင်းလိုင်း၏ ဘဏ်အကောင့်များကို စင်ကာပူက ပိတ်ပင်လိုက်မှု မမျှော်လင့်ထားဟု MAI ထုတ်ပြော

Must read

မင်းအောင်လှိုင်၏ ပြည်ပ ခရီးစဉ်များအတွက် အဓိက ပံ့ပိုးကူညီနေသော MAI လေကြောင်းလိုင်း၏ ဘဏ်အကောင့်များကို စင်ကာပူက ပိတ်ပင်လိုက်မှု မမျှော်လင့်ထားဟု MAI ထုတ်ပြော

ရန်ကုန်၊ ဇူလိုင် ၁၈

အကြမ်းဖက်မင်းအောင်လှိုင်၏ ပြည်ပ ခရီးစဉ်များအတွက် အဓိက ပံ့ပိုးကူးညီနေသော MAI လေကြောင်းလိုင်း၏ ဘဏ်အကောင့်များကို စင်ကာပူက ပိတ်ပင်လိုက်မှုသည် မမျှော်လင့်ထားသော အခြေအနေဖြစ်ကြောင်း MAI က ထုတ်ပြန် ပြောဆိုလိုက်သည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော MAI ၏ ကြေညာချက်တွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး စင်ကာပူ UOB ဘဏ်တွင် MAIက ဘဏ် အကောင့်များဖွင့်လှစ် လုပ်ငန်းဆောင်ရွက်လာသည်မှာ ၆ နှစ်ကျော် ရှိလာချိန်တွင် ဘဏ်အကောင့်များပိတ်ပင်ခံရခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ အစီရင်ခံစာတစ်ခုတွင် မြန်မာ့အရေး ဖော်ပြပြီးနောက် ထိုသို့ ဘဏ်အကောင့်များ ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း၊ MAI အနေဖြင့် မည်သည့်ဥပဒေကိုမှ ချိုးဖောက် ခြင်းမရှိကြောင်း၊ ကမ္ဘာစံချိန်စံနှုန်းများကို လိုက်နာကြောင်း MAI ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

MAI က ထိုသို့ ထုတ်ပြန်သော်လည်း လက်တွေ့မူ MAI သည် မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များအတွက် အထူးသဖြင့် ရုရှားခရီးစဉ်အတွက် MAI လေယာဉ်များ၊ လေယာဉ်မှူးများ၊ လေယာဉ်မယ်များကို ထောက်ပံ့ပေးနေသည့်အပြင် ပြည်တွင်း MAI လေယာဉ်ခရီးစဉ်များတွင် စစ်သားများကို လိုက်ပါခွင့်ပြုခြင်း၊ လက်နက်ခဲယမ်းများ သယ်ဆောင်ပေးနေခြင်း အပါအဝင် စစ်တပ်၏ လုပ်ငန်းများစွာတွင် ပါဝင်ကူညီနေကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိထားသည်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၊ ဥရောပသမဂ္ဂနှင့် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် စစ်ကောင်စီ၏ မိတ်ဖက် MAI လေကြောင်းလိုင်းပိုင် ဘဏ်စာရင်းအကောင့်ကို စင်ကာပူ UOB ဘဏ်က ဩဂုတ်လ ၁၅ ရက်နေ့တွင် အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း MAI က မိတ်ဖက် စီးပွားရေးကုမ္ပဏီများထံ အကြောင်းကြားခဲ့သည်။

MAI လေကြောင်းလိုင်း၏ ငွေစာရင်းအကောင့်များကို စင်ကာပူ UOB က ပိတ်သိမ်းလိုက်ပြီး ငွေစာရင်းရှင်းလင်းခြင်းနှင့် အကောင့်ပိတ်သိမ်းခြင်းကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ လုပ်ဆောင်နေကြောင်း၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း၊ MAI က ပြန်လည် စဉ်းစားပေးရန် အသနားခံတင်ပြမှုကိုလည်း စင်ကာပူ UOB ဘဏ်က ပယ်ချခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် MAI လေကြောင်းလိုင်း အနေဖြင့် ပေးရန် ရှိနေသည်များကို ပေးဆောင်နိုင်ခြင်းမရှိသေးဘဲ စင်ကာပူ DBS ဘဏ် ၊ ထိုင်း Kasikorn ဘဏ် နှင့် ဒူဘိုင်း Emirates NDB ဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ရန် ကြိုးစားနေကြောင်း၊ တိုးတက်မှုများရှိနေကြောင်း MAI လေကြောင်းလိုင်းက မိတ်ဖက် စီးပွားရေးကုမ္ပဏီများထံ အကြောင်းကြားစာအရ သိရှိရသည်။

MAI လေကြောင်းလိုင်းကို ယခင်က ကမ္ဘောဇဘဏ်ပိုင်ရှင် အောင်ကိုဝင်းက ပိုင်ဆိုင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှစတင်၍ 24 Hours ကုမ္ပဏီပိုင်ရှင် အောင်အောင်ဇော်က ရှယ်ယာအများစု ဝယ်ယူပြီး ပိုင်ရှင်အဖြစ် လက်လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article