မလေးရှားနိုင်ငံတွင် မြန်မာဒုက္ခသည်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင်အပါအဝင် မိသားစုဝင် ၅ ဦး ပြန်ပေးဆွဲဖမ်းဆီးခံရ
■ ပြန်ပေးဆွဲခံရသူများကို အမြန်ဆုံး ရှာဖွေပေးရန် HRW က မလေးရှားအစိုးထံ တိုက်တွန်း
ရန်ကုန်၊ ဇူလိုင် ၁၇
မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင် အပါအဝင် မိသားစုဝင် ၅ဦး ဟာ ဇူလိုင်လ ၄ ရက်နေ့က မလေးရှားနိုင်ငံမှာ ပြန်ပေးဆွဲဖမ်းဆီးခံခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဇူလိုင်လ ၄ ရက်နေ့က ပြန်ပေးဆွဲခံလိုက်ရတဲ့ မြန်မာဒုက္ခသည်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင်နဲ့ မိသားစုကို အမြန်ဆုံး ရှာဖွေပေးဖို့ မလေးရှားအစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီကနေ့မှာ တိုက်တွန်းလိုက်ကြောင်း သိရသည်။
HRW ရဲ့ အာရှရေးရာ ဒါရိုက်တာ Elaine Pearson က အသက် (၄၆) နှစ်အရွယ် ဒေါ်သူဇာမောင်ဟာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်နေသူဖြစ်ပြီး မလေးရှားနိုင်ငံရောက် မြန်မာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အခွင့်အရေးတွေအတွက် ကာလရှည်ကြာ ဦးဆောင်လှုပ်ရှားနေသူ ဖြစ်တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒေါ်သူဇာမောင်နဲ့ သူ့မိသားစုကို စနစ်တကျ ပြန်ပေးဆွဲပြီး အန္တရာယ်ပြုမှာကို ကျွန်မတို့ စိုးရိမ်မိပါတယ်။ မလေးရှားအစိုးရအနေနဲ့ သူတို့ မိသားစုကို အမြန်ဆုံး ရှာဖွေပြီး ဘေးကင်းရာကို ပို့ဆောင်ပေးစေလိုပါတယ်” လို့ သူမက ပြောပါတယ်။
ဆက်လက်ပြီး Pearson က ဒေါ်သူဇာမောင်နဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ အသက် ၄၃ နှစ်အရွယ် စောသန်းတင်ဝင်း၊ အသက် ၁၆ နှစ်အရွယ် သမီးငယ် ပို့ခင်မောင်၊ အသက် ၂၁ နှစ်အရွယ် သား အောင်မြင့်မောင်နဲ့ ၁၇ နှစ်အရွယ် သား သုခမောင် တို့ကို ကွာလာလမ်ပူမြို့ အမ်ပန်ဂျာယာရှိ ၎င်းတို့ နေအိမ်ကနေ အမည်မသိ အမျိုးသားတွေက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေတွေနဲ့ CCTV မှတ်တမ်းတွေအရ သိရှိရတယ်လို့ ဆိုပါတယ်။
“ဇူလိုင်လ ၄ ရက်နေ့ ညနေ ၄နာရီခွဲ လောက်မှာ သူတို့ မိသားစုနေထိုင်တဲ့ နေအိမ်အနီးက ဂိတ်ပေါက်ကနေ ကားတစ်စီး ဝင်လာတယ်။ ယာဉ်မောင်းက လုံခြုံရေးတွေကို သူတို့က ရဲတွေပါလို့ ပြောခဲ့တယ်။ နောက်နှစ်နာရီလောက် ကြာတဲ့အချိန်မှာ ဒေါ်သူဇာမောင်နဲ့ ဖုန်းပြောနေတဲ့ သူငယ်ချင်းတစ်ဦးက ဖုန်းထဲကနေ ခင်ပွန်းဖြစ်သူကို အိမ်ထဲကို လူစိမ်းတွေ ဝင်လာတယ်လို့ ဒေါ်သူဇာမောင်ရဲ့ အော်ပြောသံကို ကြားလိုက်တယ်။ ပြီးတော့ ဖုန်းအဆက်အသွယ်ပြတ်သွားကြတယ်” လို့ ဖြစ်စဥ်ကို ပြောပြပါတယ်။
ဆက်လက်ပြီး အဲ့ဒီနေ့ ညနေ ၇နာရီ ၁၀ မိနစ် ခန့်မှာတော့ ကနဦးဝင်လာတဲ့ကားနဲ့ အတူ ဒေါ်သူဇာမောင်တို့ မိသားစုပိုင် ကားနှစ်စီးက ခြံဝင်းထဲကနေ ထွက်သွားကြတယ် လို့ Pearson က ရှင်းပြပါတယ်။
လုံခြုံရေးတွေရဲ့ CCTV မှတ်တမ်းမှာ တွေ့ရတဲ့ ကားဟာလည်း ရဲကားအစစ်မဟုတ်ေကြာင်း မလေးရှားရဲတွေက အတည်ပြုပေးခဲ့တယ်လို့ သိရပါတယ်။
၂၀၁၅ ခုနှစ်ကတည်းက မလေးရှားနိုင်ငံကို တိမ်းရှောင်လာရတဲ့ ဒေါ်သူဇာမောင်တို့ မိသားစုဝင် ငါးဦးစလုံးကို မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်တွေ အဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။
သူမဟာ မြန်မာမွတ်စလင်ဒုက္ခသည်အသိုက်အဝန်း (Myanmar Muslim Refugee Community) နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကော်မတီ (Myanmar Migrant Workers Committee) တို့မှာ ဥက္ကဌ အဖြစ်တာဝန်ယူထားပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့လည်း လက်တွဲလုပ်ဆောင်နေသူဖြစ်ပါတယ်။
“နိုင်ငံတကာအစိုးရတွေက ဒီမိသားစု အရေးကို အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ပေးဖို့ မလေးရှားအာဏာပိုင်တွေကို ဖိအားပေးသင့်တယ်။ မြန်မာ တက်ကြွလှုပ်ရှားသူတွေဟာ သူတို့ ခိုလှုံခွင့်တောင်းတဲ့ နိုင်ငံကနေ စစ်အာဏာရှင်တွေကို ဝေဖန်နေချိန်မှာတောင် အန္တရာယ် ရှိနေပုံရတယ်” ဟု Pearson က ဆိုပါတယ်။
Ref: Human Rights Watch