ဆောမြို့နယ်၊ လောင်းရှည်ဒေသတွင် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲပြီး Rocket များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၈၀ ထက်မနည်း သေဆုံးပြီး PDF ရဲဘော် ၅ ဦးကျဆုံး
ရန်ကုန်၊ ဇူလိုင် ၁၈
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသမှ ကျင်ဒွေးမြို့ဘက်သို့ တက်လာသော အ ကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး Rocket များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၈၀ ထက်မနည်းသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်သည်။
ဇူလိုင်လ ၁၆ ရက်နေ့က လောင်းရှည်ဒေသမှ ချင်းပြည်နယ် ကျင်ဒွေးမြို့ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ယာဉ်တန်းကို မဆွာတီနှင့် လွဲလည်းကျင်းကြား သုံးထပ်ကွေ့အရောက် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်း ဖက်စစ်တပ်မှ အထိနာပြီး ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကျဲခဲ့ကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင် တပ်ရင်း ၃၊ တပ်ရင်း ၅၊ တပ်ရင်း ၆ များ၊ မကွေးခရိုင် တပ်ရင်း ၁ ၊ မင်းဘူးခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၃၊ တပ်ရင်း ၄၊ တပ်ရင်း ၆ ၊ စလင်း(ပကဖ)နှင့် CDF ခေါနု တပ်ခွဲတို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးထိခိုက် ဒဏ်ရာရ စစ်သားအလောင်းများကို လောင်းရှည်အထိ ပြန်သယ်သွားသည်ဟု ဆိုသည်။
အလားတူ ယနေ့ ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းတွင် အဆိုပါအကြမ်းဖက်စစ်ယာဉ်တန်းအား ရင်းကဲရွာ အနီး ယွန်းချောင်းဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်က Rocket များအပါအဝင် အနီးကပ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃၀ ဦးထက်မနည်း သေဆုံး ထိခိုက် ဒဏ်ရာရမှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၈၀ ထက်မနည်း ထိခိုက်သေဆုံးကာ ပြည်သူ့ ကာကွယ်ရေးတပ်မတော်သား ၂ ဦး၊ ပကဖ တပ်ဖွဲ့ဝင် ၃ ဦး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အတွက် အ သက်ပေးလှူခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။