တောင်ဥက္ကလာရဲစခန်းမှူး ဒုရဲမှူး လင်းလင်းထွန်းကို ရဲတပ်သား အာကာစိုးက သေနတ်ဖြင့် ပစ်ခတ်မှု ဒုရဲမှူး လင်းလင်းထွန်း အပြင်းအထန်ဒဏ်ရာရပြီး အသက်အန္တရာယ်စိုးရိမ်နေရ
ရန်ကုန်၊ ဇူလိုင် ၁၉
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာရဲစခန်းတွင် ရဲစခန်းမှူး ဒုရဲမှူး လင်းလင်းထွန်းကို ရဲတပ်သား အာကာစိုးက သေနတ်ဖြင့် ပစ်ခတ်ရာ ဒုရဲမှူး လင်းလင်းထွန်း အပြင်း အထန်ဒဏ်ရာရပြီး အသက်အန္တရာယ်စိုးရိမ်နေရကြောင်း တောင်ဥက္ကလာရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောဆိုသည်။
ဇူလိုင်လ ၁၈ ရက်နေ့ ည ၈ နာရီ ၃၀ အချိန် တောင်ဥက္ကလာပမြို့မရဲစခန်းတွင် စခန်းမှူး ဒုရဲမှူး လင်းလင်းထွန်းက တပ်ဖွဲ့ဝင်များကို လုံခြုံရေးအလှည့်ကျကင်းတာဝန်များ ခွဲဝေချထားပြီးနောက် မှုခင်းစာရေးစားပွဲ ထိုင်ခုံတွင် ထိုင်နေစဉ် ရဲတပ်သား အာကာစိုးက အလှည့်ကျကင်း ၂ ကြိမ် ချထားမှုအပေါ် မကျေနပ်ကြောင်း သွားရောက်ပြောဆိုကြောင်း၊ ကင်း ၁ ကြိမ်သာစောင့်နိုင်သည်ဟု ဒုရဲမှူး လင်းလင်းထွန်းကို ပြောဆိုရာ ဒုရဲမှူး လင်းလင်းထွန်းက ရဲတပ်ဖွဲ့ဝင်များအားလုံး ပြင်ပလုံခြုံရေးတာဝန်များ ထမ်းဆောင်နေရကြောင်း၊ အရေးကြီးနေ့ဖြစ်သဖြင့် လုံခြုံရေးအထူးဂရုပြုစောင့်ကြပ်ရမည်ဖြစ်ကြောင်း ပြောဆိုပြီး စကားများကြကြောင်း သိရှိရသည်။
ယင်းနောက် ရဲတပ်သား အာကာစိုးက ဒုရဲမှူး လင်းလင်းထွန်းကို M-16 သေနတ် ဖြင့် ၁ ချက် ပစ်ခတ်ခဲ့ရာ ဒုရဲမှူး လင်းလင်းထွန်း၏ ယာပါးဖောက်ဝင်၊ မေးရိုးဖောက်ထွက်ဒဏ်ရာဖြင့် အသက်အန္တရာယ် စိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ဒုရဲမှူး လင်းလင်းထွန်း ကို မြောက်ဥက္ကလာပဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင်ကုနေကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်သူ ရဲတပ်သား အာကာစိုးကို တောင်ဥက္ကလာပမြို့မရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားကြောင်း သိရှိရသည်။